ပပ၊ ဩဂုတ် ၁၉ ရက်၊ ကွတ်ခိုင်
ကွတ်ခိုင်မြို့မှာ စာပေနေ့အထိမ်းအမှတ် အနေနဲ့ ဘောလုံးပြိုင်ပွဲကို ကွတ်ခိုင်ရှိ တအာင်းလူငယ်နဲ့ ဒေသခံတွေကသာ ဦးဆောင်ပြီး ကျင်းပခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ကွတ်ခိုင် ရပ်ကွက် ၂ ရှိ မြို့နယ် အားကစားကွင်းမှာ ဘောလုံးပြိုင်ပွဲကို မြို့နယ်က လူငယ်အသင်းအစုစုက ပြိုင်ပွဲကျင်းပတာကို ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်က စတင်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
၎င်းဖွင့်ပွဲအတွင်းမှာလည်း တအာင်းကိုယ်စားပြု အမျိုးသားအလံနဲ့ စာပေအလံတွေကို ကိုးကန့်တပ် MNDAA က အသုံးပြုခွင့်ကို ပိတ်ပင်ထားပါတယ်။
ဒေသခံလူငယ်အမျိုးသားက “ကိုးကန့်တွေပြောတာက တိုင်းရင်းသားအားလုံး တန်းတူဆက်ဆံမယ်တော့ ပြောတယ်။ ဒါပေမယ့် အခုက ကိုယ့်လူမျိုးရဲ့သင်္ကေတ၊ အမြတ်တနိုး တန်ဖိုးထားတာကို ပေးမသုံးတာက ဘာဖြစ်လို့လဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်ကလည်း ကွတ်ခိုင်က တအာင်းစာပေနေ့အထိမ်းအမှတ် အားကစားပွဲကို ကိုးကန့်တပ် MNDAA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့က တက်ရောက် အားပေးခဲ့ကြောင်း MNDAA က ထုတ်ပြန်ခဲ့ပါတယ်။
၎င်းစာပေနေ့မှာ ဝင်ပြိုင်မဲ့ လူငယ်အသင်းတချို့ဟာ ပြိုင်ပွဲဝတ်စုံမှာ တအာင်းအလံ တံဆိပ်ရိုက်ထားပေမဲ့ အသုံးပြုလို့မရတာကြောင့် ပြန်ဖျက်ခဲ့ရတဲ့အသင်းရှိသလို ဝင်မပြိုင်ဘဲ ထွက်သွားတဲ့အသင်းလည်း ရှိခဲ့ကြောင်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။
”ကိုယ့်တံဆိပ်မှ မသုံးရရင် မပြိုင်ဘူး။ အဓိပ္ပါယ်မရှိဘူးလေ။ အဲတာကြောင့် လူငယ်တွေရဲ့ စိတ်ဓါတ်လည်း ကျရတာပေါ့” လို့ ပြောပါတယ်။
တအာင်းအလံပေးသုံးလိုက်ပါက မြို့ကို ထိန်းချုပ်တဲ့ တပ်အတွက် ဂုဏ်သိက္ခာကျစေတဲ့အပြင် အထက်လူကြီးတွေ မတွေ့စေချင်ဘူးလို့ ကိုးကန့်တပ်က တုံ့ပြန်ပြောဆိုထားကြောင်း နောက်ထပ် သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လကလည်း ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာအဝင် ဆိုင်းဘုတ်က တအာင်းအလံနဲ့ တအာင်းစာကို MNDAA က ဖျက်ဆီးခဲ့သလို စာသင်ကျောင်းတွေမှာလည်း တအာင်းဘာသာ မသင်ကြားဖို့ကိုလည်း ပြောဆိုသတိပေးထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။