ပပ၊ ဩဂုတ် ၉ ရက်၊ အောင်ပန်း
ရှမ်းတောင် အောင်ပန်းမှာ အသက် ၆ နှစ်အရွယ် ကလေးငယ်ရဲ့ ရွှေနားကပ်ကို ဖြုတ်ယူပြီး ရေတွင်းထဲ ပစ်ချကာ သတ်ခဲ့တဲ့ တရားခံကို ဖမ်းမိခဲ့ကြောင်း ဖြစ်စဉ်မှာ ပါဝင်ကူညီပေးသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ၎င်းကလေးဟာ ပျောက်ဆုံးသွားပြီး မိဘနဲ့ ရွာခံတွေက ရှာဖွေရင်း ည ၁၁ နာရီဝန်းကျင်က ရွာအနီးရှိ ငါးဆူတောင်ဘုရား ရေစုကန်ထဲ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သြဂုတ် ၆ ရက် ညနေပိုင်းက ၎င်းကလေးငယ်ကို နောင်ရဲရွာမှ အသက် ၁၉ နှစ်အရွယ် မမိုးမိုးထွေးခေါ် မမိုးစက်ဆိုသူက ခေါ်ယူသွားတာတွေ့ကြောင်း ပြောဆိုကြလို့ ဩဂုတ် ၈ ရက်မှာ ၎င်းအမျိုးသမီးကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ကူညီပေးသူ အမျိုးသားက “သူ့အလောင်းကို စစတွေ့ချင်းမှာ သူ့မိဘ ကြည့်တော့ နားမှာ ဆင်ပေးထားတဲ့ ရွှေနားကပ်က မရှိတော့ဘူး။ မနေ့မှ သက်ဆိုင်ရာတွေနဲ့ ရွာခံတွေ မေးမြန်းရှာဖွေ စစ်ဆေးကြည့်တော့ တရားခံက ဆယ်ကျော်သက် အမျိုးသမီးပဲတဲ့။ ကလေးကို တွန်းချခဲ့တာကိုလည်း သူဝန်ခံထားတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ကလေးဟာ အောင်ပန်းမြို့ နောင်ရဲရွာနေ အသက် ၆ နှစ်အရွယ် KG တန်းမှ မဆောင်းနှင်း ဖြစ်ပါတယ်။
တရားခံဖြစ်တဲ့ မမိုးစက်ကိုလည်း အောင်ပန်းရဲစခန်းမှ တာဝန်ရှိသူတွေက ဖမ်းဆီးထားပြီး ခိုးမှု၊ လူသတ်မှုနဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။
အောင်ပန်းမှာ အွန်လိုင်းဂိမ်းခေါ် စလော့ဂိမ်းကြောင့် ဒေသခံအမျိုးသမီး၊ အမျိုးသားအများစုက ဘဝပျက်နေကြကြောင်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။