ယာရူစိင်၊ ဩဂုတ် ၈ ရက်၊ သီပေါ
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှမ်းမြောက် သီပေါ-လားရှိုးကြားရှိ ဒုဌဝတီမြစ်ရေ တက်လာပြီး လှေနဲ့ ကမ်းကူးတာ ပိတ်ထားတာကြောင့် သီပေါတံတားပေါ် ဖြတ်သန်းသွားလာခွင့်ပေးဖို့ ကားသမားတွေက တောင်းဆိုနေကြပါတယ်။
ကားသမားတစ်ဦးက “ဒီနေ့အထိ ရေက သိပ်မကျသေးဘူး။ အဲကြောင့် ဖြတ်မရသေးတာ။ အဓိကတော့ လှေနဲ့ ကမ်းကူးမပေးတော့ အသွားအလာကအစ အဆင်မပြေတော့ဘူးလေ။ ကျနော်တင် မဟုတ်ဘူး တခြားကားသမားတွေလည်း တံတားကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုချင်တယ် ဖြတ်သွားချင်တာပဲလေ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်ကစပြီး မိုးရွာသွန်းလို့ မြစ်ရေ တက်လာကာ လှေနဲ့ ကမ်းကူးတာကို ရပ်နားထားရတာပဲ ဖြစ်ပါတယ်။
“ကျမတို့က ခရီးသည်တွေဆိုတော့ တံတားပေါ်ဖြတ်သွားလို့ရတယ်။ ယာဉ်တွေပဲ ပေးမဖြတ်တာ။ လူပဲ ဖြတ်လို့ရတာက ဘာထူးလို့လဲပေါ့။ ပစ္စည်းတွေက ကားပေါ်မှာလေ။ ပစ္စည်းသယ်မယ်ဆိုရင်တောင် နည်းနည်းပဲ သယ်နိုင်တာလေ။ ပြီးရင် ဟိုဘက်ကမ်းမှာ ကားပြန်ငှားရတာလေ။ ပိုက်ဆံက ထပ်ကုန်ရသေးတာ”လို့ ခရီးသည်တစ်ဦးကလည်း ပြောပါတယ်။
ကားသမားနဲ့ခရီးသည်တွေအတွက် စစ်ကောင်စီအနေနဲ့ သီပေါတံတားကို ပြန်မဖွင့်ပေးလိုရင် မြစ်ရေ ကျသွားတဲ့အထိသာ ဖြတ်သန်းခွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။
သီပေါတံတားကို ပိတ်ထားတာကြောင့် ခရီးသွားတွေက ချောင်းကနေ ဇက်ကူးပြီး ဖြတ်သန်းသွားလာနေရပြီး ရေထဲ မျှောပါသေဆုံးသူ ၁၉ ဦးအထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သီပေါအပြင် ရှမ်းမြောက် မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်မြို့နယ်မှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။