ရွှေဖီမြေ၊ ဩဂုတ် ၈ ရက်၊ မိုးမိတ်
ရှမ်းမြောက် မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာက အမျိုးသား ၂ ဦး ရွှေလီမြစ်ထဲ မျောပါသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက် ညနေ ၆ နာရီဝန်းကျင်က အဲဒီအမျိုးသားနှစ်ဦးဟာ ရွှေလီမြစ်ထဲ ရေချိုးဖို့ လုပ်နေချိန် ရေထဲ မျောပါသွားခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူတစ်ဦးက “ညနေလောက် ဖြစ်သွားတာ။ အဲအမျိုးသားတစ်ယောက်က အရက်မူးနေတာ။ မူးနေရင်းနဲ့ ရေ သွားချိုးတာ။ တစ်ယောက်ကတော့ မမူးဘူး။ ရေလည်း ကြီးနေတော့ နှစ်ယောက်လုံး ရေထဲ ပါသွားတာ” လို့ ပြောပါတယ်။
ရေထဲ မျောပါသွားတဲ့ အဲဒီအမျိုးသားနှစ်ဦးရဲ့ အလောင်းကိုတော့ မတွေ့သေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် ရေတိုက်စားမှု ပြင်းထန်တာကြောင့် မြစ်ဆုံရွာက တံတားတစ်ခုလည်း ကျိုးပျက်ပြီး ရေထဲ မျောပါသွားခဲ့ပါတယ်။
“မြစ်ဆုံက တံတားလည်း ကျိုးသွားပြီ။ အဲတံတားက မြစ်ဆုံကနေ ရွှေတော်ရွာဘက်သွားတာ။ ရေးကြီးလို့ ရေထဲပါသွားတာ” လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်မှာ မိုးကြီးပြီး မြေနံရံ ပြိုကျခဲ့တာကြောင့် မိုးမိတ်မြို့အနီးရှိ မိုးကုတ်မြို့အနောက်ပိုင်း ပန်းမရပ်ကွက်က နေအိမ် ၂ လုံး ပျက်စီးခဲ့သလို အိမ်ရှင်အမျိုးသမီးလည်း ဒဏ်ရာ ရခဲ့ပါတယ်။
ရွှေလီမြစ်ကမ်းဟာ မူဆယ်၊ နမ့်ခမ်းနဲ့ မိုးမိတ်မြို့နယ်ကို ဖြတ်သန်းစီးဆင်းတဲ့မြစ် ဖြစ်တာကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တရုတ်ဘက်က ရေသိုလှောင်ကန်ထဲက ရေလွှတ်ချတာကြောင့် မြစ်ရေ မြှင့်တက်လာပြီး မြစ်ကမ်းတစ်လျှောက်မှာ နေထိုင်တဲ့ ဒေသအများစုဟာ ရေကြီးမှုဒဏ်ကို ကြုံတွေ့ခံစားနေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။