ပပ၊ ဩဂုတ် ၅ ရက်၊ နမ့်ခမ်း
ရှမ်းမြောက် နမ့်ခမ်းမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦး ရေကူးရင်း ရေနစ်သေဆုံးသွားခဲ့ကြောင်း ရွာခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့လ ဇူလိုင် ၂၇ ရက် ညနေ ၄ နာရီဝန်းကျင်မှာ နမ့်ခမ်းမြို့နယ် မန်စပ်အုပ်စု မန်စပ်ကျေးရွာက ရေချောင်းတစ်ခုအနီးရှိ တူးထားတဲ့ ရေကန်တစ်ခုမှာ ကလေးတွေ ရေကူးရင်း ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ရွာခံတစ်ဦးက “အဲကန်က အရင်သတ္တုလုပ်ငန်းဟောင်းတစ်ခုမှာ သူတို့သောက်ဖို့တူးထားတဲ့ ကန်ဖြစ်တယ်။ အခုကအဲကန်မှာ ရွာက ကလေးတွေ ရေတအားသွားကူးကြတယ်။ ဖော့နဲ့သွားကူးကြတာဘဲ။ ဖော့လွတ်လို့ နစ်သွားတာ။ ရေကမကူးတတ်ကြဘူး” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ၎င်းကန်ကို ကလေးတွေထပ်ဝင်လို့မရအောင် ရွာခံတွေက ခြံခတ်သွားဖို့ရှိကြောင်း အထက်ပါရွာခံက ပြောပါတယ်။
၎င်းသေဆုံးသွားသူကလေးဟာ အသက် ၁၃ နှစ်အရွယ် ၆ တန်းတက်နေတဲ့ မိုင်းညီအောင်ဝင်းဖြစ်ပြီး သူငယ်ချင်း ၅ ဦးနဲ့အတူ ရေဆော့ကစားခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။