ရွှေဖီမြေ၊ ဩဂုတ် ၄ ရက်
ကရင်ပြည်နယ် ဒူးပလာယာခရိုင် ဒေါနအရှေ့ခြမ်းရှိ KNLA တပ်မဟာ(၆) နယ်မြေထဲ ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်တပ်မတော်- KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်တပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် စစ်ကြောင်းတစ်ကြောင်းလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KNU က မနေ့ ဩဂုတ် ၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
တပ်မ(၂၂) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ ၂၀၃၊ ခမရ ၂၁၀)တို့က ဒေါနအရှေ့ခြမ်းကို စစ်ကြောင်းထိုး ဝင်ရောက်လာချိန် ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ခမရ(၂၀၃)က ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူးအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီစစ်ကြောင်းကို KNLA တပ်ရင်း ၂၈ မှ ဒုဗိုလ်မှူးကြီး စောဒါဘော ဦးဆောင်ပြီး KNLA တပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း သိမ်းဆည်းရမိထားတဲ့ လက်နက်နဲ့ ခဲယမ်းတွေဟာ MA-3 သေနတ် ၂ လက်၊ MA-2 သေနတ် ၂ လက်၊ MA-1 သေနတ် ၁ လက်၊ MA ပူးတွဲသေနတ် ၁ လက်၊ RPG လောင်ချာ ၁ လက်၊ MA BMA သေနတ် ၁ လက်၊ ဘောက်ဝိုင်း ၁ ခု၊ MA ဘောက် ၁၂ ခု၊ MA ကျည် ၇၅၅ တောင့်၊ ၆၀ မမ ဗုံးသီး ၃ လုံး၊ အီနာကာဗုံး ၅ လုံး၊ RPG ကျည် ၁ လုံးနဲ့ ပို့ယမ်း ၁ လုံးတွေ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး နိုင်ငံတစ်ဝန်းရှိ လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းစစ်မြေပြင်မှာ စေလွှတ်ခဲ့တယ်လို့ KUN က ဆိုပါတယ်။
ဒါကြောင့် မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံနေရတဲ့ တပ်သား၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ရဲ့ အသက်အန္တရာယ်နဲ့အနာဂတ်ကို ကာကွယ်နိုင်ဖို့အတွက် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ကြဖို့ KNU က ထပ်မံ တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။