ပပ၊ ဩဂုတ် ၄ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ပေါင်မှာ မိုးကြီးတာကြောင့် ချောင်းရေတက်ပြီး လယ်ကွက်နဲ့နေအိမ်တွေထဲ ရေဝင်ခဲ့ကြောင်း ရွာခံအမျိုးသမီးတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ ဩဂုတ် ၄ ရက် မနက် ၈ နာရီ ဝန်းကျင်မှာ လားရှိုးမြို့နယ် နမ့်ပေါင်ရွာအဝင်ရှိ နမ့်မောဟင်ချောင်းဟာ မိုးကြီးလွန်းတာကြောင့် ရေတက်ပြီး နေအိမ်တွေထဲထိရေဝင်တဲ့အပြင် စပါးခင်းတွေကိုပါ ရေတိုက်စားခဲ့ပါတယ်။
ရွာခံ အမျိုးသမီးက “အခုတော့ ရေနဲနဲတော့ပြန်ကျပြီ။ လမ်းမှာသွားရတာအဆင်ပြေပြီ။ မနက်ကဆို သွားလာလို့တောင်မရဘူး။ ဟိုအပေါ်ဘက်မှာဆို စပါးခင်းတွေ အကုန်ပျက်ကုန်ပြီ” လို့ ပြောပါတယ်။

နမ့်ပေါင်မှာ မိုးတွင်းကာလ ရေကြီးတာဖြစ်လေ့ရှိပေမဲ့ အခုလို ရေလျှံတာမရှိခဲ့ဖူးကြောင်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် တတိယအပတ်ကလည်း လားရှိုးမြို့ ရပ်ကွက် ၁၂၊ ရပ်ကွက် ၇ နဲ့ လားရှိုးဈေးကြီးထဲ ရေကြီးတာတွေ ဖြစ်ပွားခဲ့ပါတယ်။
အလားတူ မိုးတွင်းကာလမှာ မိုးကြီးတာကြောင့် ရှမ်းမြောက်က မြို့နယ်တွေအပြင် ရှမ်းအရှေ့နဲ့ ရှမ်းတောင်မှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်ပွါးခဲ့ပါတယ်။

~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။