ပပ၊ ဇူလိုင် ၂၇ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မြို့ခံတွေက သူခိုးတွေကို ကိုယ်ထူကိုယ်ထ ဖမ်းမိပါက လိုင်းပေါ်မတင်ဘဲ သက်ဆိုင်ရာတွေကိုသာ တိုက်ရိုက်ပြောကြားဖို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးခေါ်ပြီးပြောခဲ့ကြောင်း အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဇူလိုင် ၂၄ ရက်နဲ့ ၂၅ ရက်မှာ လားရှိုးက ရပ်ကွက်တချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တစ်အိမ်တစ်ယောက်ခေါ်ပြီး ရပ်ကွက် လုံခြုံရေးနဲ့ပတ်သတ်ပြီး အစည်းအဝေး လုပ်ဖို့ ခေါ်ခဲ့တာ ဖြစ်ပါတယ်။
အစည်းအဝေးတက်ရောက်ခဲ့သူ ရပ်ကွက် ၉ နေ အမျိုးသမီးက “ကိုယ့်မြို့ရဲ့ ဂုဏ်သိက္ခာကို ကိုယ်ကိုယ်တိုင်ဘဲ ထိန်းဖို့အတွက် လိုင်းပေါ်မဖွကြပါနဲ့တဲ့။ တာဝန်ရှိသူတွေကိုဘဲ ပြောတာက ပိုထိရောက်လိမ့်မယ်တဲ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကလည်း လားရှိုးမြို့ ရပ်ကွက် ၁၀ တိုင်းရုံးအနီးမှာ နေအိမ်ထဲနေတဲ့ အမျိုးသမီး ၂ ဦး ဓါးနဲ့ သတ်ဖြတ်ခံခဲ့ရတာဟာ ရပ်ကွက် ဂုဏ်သိက္ခာနဲ့ မြို့ဂုဏ်သိက္ခာကို အလွန်ပင် ထိခိုက်ခဲ့ကြောင်း အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဒါ့ကြောင့် မြို့ဂုဏ်သိက္ခာအတွက် လိုင်းပေါ်သို့ သတင်းဆိုးတွေ တင်တဲ့သူအား ထိထိရောက်ရောက် အရေးယူသွားမယ်လို့ အုပ်ချုပ်ရေးမှူးဖြစ်သူက ပြောဆိုခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော်အလုပ်တွေကို လူထုတွေ ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ကြောင်းကိုလည်း အုပ်ချုပ်ရေးမှူးက အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
အလားတူ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ခိုးမှု၊ လုယက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး မြို့တွင်းမှာ သေနတ်ပစ်ဖောက်မှုတွေလည်း ဖြစ်ပွားနေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။