အလင်း၊ ဇူလိုင် ၂၅ ရက်၊ ဆော
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ အမှတ် ၃၆၈ အမြောက်တပ်ရင်း စစ်ကြောင်းဟာ ကြီးရွာက အရပ်သား ၁၈ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ရာ ၃ ဦး သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
ဖမ်းဆီးခံရသူတွေမှာ ရွာကနေ မထွက်ပြေးနိုင်ဘဲ ကျန်ရစ်ခဲ့သူတွေနဲ့ ရွာနီးစပ်ချုပ်စပ်မှာ ရှောင်တိမ်းနေကြတဲ့ အသက် ၆၀ ဝန်းကျင်ရှိ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။
“ဓားစားခံအဖြစ် ခေါ်သွားတာ အသက်ကြီးပိုင်း ၁၈ ယောက်လောက်ရှိတယ်။ စစ်ကြောင်း ရွာထဲပြန်ဝင်လာတော့ ဓားစားခံ ၁၅ ယောက် ပြန်လွတ်လာတယ်။ ၃ ယောက်က ပါမလာဘူး။” လို့ စစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
သေဆုံးသွားတဲ့ ဓားစားခံ အသက် (၆၀) နှစ် ဝန်းကျင်အရွယ် ဦးကြီးလှမှာ နှစ်ဖက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျည်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
နောက်ထပ် အသက် ၄၀ ကျော်အရွယ် ဦးမောင်လွင်နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် စောပြည့်ဝင်းတို့ရဲ့ သေဆုံးမှုမှာ အသေးအစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။
“တစ်ယောက်ကတော့ ကျည်ထိမှန်ပြီး သေဆုံးသွားတာပါ။ ကျန်တဲ့ နှစ်ယောက်ကတော့ အစနပျောက်သွားတယ်။ ဘယ်လိုသေဆုံးတာလဲ မသိရသေးပါဘူး” လို့ အထက်ပါ စစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်က ကျောက်ထု အမတ ၃၆၈ တပ်ရင်းမှ စတင်ထွက်ခွာလာတာဖြစ်ပါတယ်။
စစ်ကြောင်းဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နဲ့ မကွေးတိုင်းအစပ်ရှိ ရွှေအောင်သာရွာမှာ ပြန်လည်တပ်စွဲဖို့နဲ့ ထီးလင်းမြို့ကို အင်အားဖြည့်တင်းဖို့ ထွက်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ စစ်ရေးသတင်းအရစ်မြစ်တွေက ဆိုကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။