ဝတ်ရည်၊ ဇူလိုင် ၂၄ ရက်၊ သံတွဲ
ရခိုင်ပြည် သံတွဲမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ သံဃာတော်နဲ့ ကလေးငယ်အပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၂၃ ရက် နေ့လယ် ၁၂ နာရီမှာ သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တော ၅ ရပ်ကွက်ရှိ ပုလဲရတနာဘုန်းကြီးကျောင်းနဲ့ အနီးပတ်ဝန်းကျင်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက”ကလေးက ၁ နှစ်ကျော်ပဲ ရှိသေးတာ။ တော်တော်ငယ်သေးတယ်။ ကြဲတဲ့နေရာ လူနေရပ်ကွက်လည်း ဖြစ်တော့ ထိမှန်တာ များတာပေါ့လေ။ နေအိမ်ကတော့ ၈ လုံးပျက်တာပါ။ ရခိုင်ဘက်ကို နေ့စဉ်လိုလို ဗုံးတွေကြဲနေတာ။ အချိန်တိုင်း လေကြောင်းကိုပဲ ကြောက်နေရတာ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၅ နှစ်အရွယ် အရှင်ခေမာနန္န၊ အသက် ၁ နှစ်ခွဲအရွယ် မောင်လင်းထက်ပိုင် ၊ အသက် ၇၀ နှစ် ဦးရွှေထုံ၊ အသက် ၆၀ နှစ် ဦးဝင်းအောင်၊ အသက် ၂၄ နှစ် မောင်အောင်ကိုလင်း၊ အသက် ၅၃ နှစ် ဒေါ်ညိုထွေးနဲ့ အသက် ၂၃ နှစ်အရွယ် မစိုးခိုင်တို့ ထိမှန်ဒဏ်ရာရရှိခဲ့လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်လည်း AA နယ်မြေဖြစ်တဲ့ တောင်ကုတ်၊ သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၅ ဦး သေဆုံးပြီး သံဃာတော် ၃ ပါးအပါအဝင် ဒေသခံ ၂၉ ဦး ဒဏ်ရာရရှိပါတယ်။
AA အနေနဲ့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကို အာရက္ခဒေသခံနဲ့ အတူ မိမိတို့ ယုံကြည်အားပေးတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ နယ်မြေချင်းထိစပ်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းကာ ဆက်လက်တုံ့ပြန်သွားမယ်ဖြစ်ကြောင်း သတိပေးထားခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။