အလင်း၊ ဇူလိုင်လ ၂၃ ရက်၊ တီးတိန်
စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတို့အဖွဲ့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ တီးတိန်မြို့နဲ့ ကနေဒီတောင်ကြားမှာ PDF (ဇိုလဲန်း) က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“စစ်တပ်နဲ့ ZRA ပူးပေါင်းကင်းလှည့်တဲ့ ကားကို တိုက်ခိုက်တာပါ။ တိုက်ပွဲက ခဏလေးပါပဲ။” လို့ PDF (ဇိုလဲန်း) နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ဦးနဲ့ ZRA တပ်သား ၃ ဦး စုစုပေါင်း ၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ ZRA တပ်ဖွဲ့ဝင်တွေ ပါဝင်ပေမဲ့လည်း PDF ဇိုလဲန်းဘက်က အဲဒီစစ်ဆင်ရေးဟာ ၎င်းတို့နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ZRA ဘက်က PDF Zoland တပ်ဖွဲ့ဟာ မြေမြှုပ်မိုင်း၊ လက်နက်ငယ်နဲ့လက်နက်ကြီးတွေ အသုံးပြု၍ ချောင်းမြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ယင်းတိုက်ခိုက်မှုကြောင့် တီးတိန်မြို့နဲ့ အနီးအနားဝန်းကျင်မှာ စစ်ကောင်စီနဲ့ ZRA တို့ ကင်းလှည့်တာ၊ လုံခြုံရေးတင်းကျပ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။