ဓာတ်ပုံ – Local

အင်းငယ်၊ ဇန်နဝါရီ ၃၀ ရက်၊ တောင်ကြီး

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်ရဲ့မြို့တော် တောင်ကြီးမြို့မှာ စစ်ကောင်စီ လက်အောက်ခံ မြို့နယ် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်မီး ပေးဝေမှု မလုံလောက်တာကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်လာတယ်လို့ မြို့ခံလူထုက ပြောပါတယ်။

မြို့နယ် EPC ကိုယ်စား လုပ်ပိုင်ခွင့် ရထားတဲ့ လင်းသီဟ ကုမ္ပဏီက တစ်ရက်ကို ၂ နာရီခန့်သာ လျှပ်စစ်မီး ပေးဝေတာကြောင့် တောင်ကြီးမြို့ခံတွေအတွက် ရေတင်ဖို့ အခက်အခဲ ဖြစ်လာပြီး ရေတွင်း ပိုင်ဆိုင်သူတိုင်း ရေ ဝယ်သုံးနေရတယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်တွင်း နေထိုင်တဲ့ ရေတွင်းပိုင်ရှင်တစ်ဦးက “လာရင်လည်း တစ်နာရီတောင် မပြည့်ပါဘူး။ ဘယ်အချိန် လာ ဘယ်အချိန် ပြတ်မယ်ဆိုတာလည်း မသိရဘူး။ သောက်ရေကတော့ ရတယ်လေ။ သုံးဖို့က ဝယ်ရတာပေါ့။ မီးရက်ဆက်ပြတ်ရင် ရေတောင် ချိုးလို့မရဘူး” လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ် အစောပိုင်းအတွင်း မီး ပေးဝေတဲ့အချိန်မှာ မီးအား ၁၀၀ အောက်သာ ရှိတာကြောင့် ရေတင်တဲ့အချိန်မှာ အခက်အခဲဖြစ်ခြင်း၊ ရုတ်တရက် မီးအား ဆောင့်တက်တာကြောင့် မော်တာ လောင်ကျွမ်းခြင်း၊ ညသန်းခေါင်ကျော်မှ လာတာကြောင့် ရေတင်ဖို့အတွက် အိပ်ရေး ပျက်ခံရပြီး ကျန်းမာရေး ထိခိုက်လာခြင်း စတဲ့ဒုက္ခမျိုးစုံ ကြုံနေရတယ်လို့ မြို့ခံလူထုတွေဆီက သိရပါတယ်။

လက်ရှိ ရေပြဿနာ ဖြေရှင်းဖို့အတွက် ရေကားတစ်စီးကို ခရီးအကွာအဝေးအရ တစ်ကြိမ်ကို ခန့်မှန်းခြေ အနည်းဆုံး ၂ သောင်းကနေ သိန်းကျော်အထိ အကုန်အကျခံကာ ဝယ်ယူနေရပြီး တစ်လတာ အိမ်ငှား နေထိုင်တဲ့စရိတ်နဲ့ ထပ်တူနီးပါး ဖြစ်လာတယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို့တွင်း ရေ ဝယ်သုံးနေရသူ တစ်ဦးက “ရေတွင်း မရှိတော့ အရင်ကတည်းက ဝယ်သုံးတာလေ။ ပိုက်နဲ့သွယ်ပြီး ရေတွင်းရှိတဲ့သူဆီက ဝယ်သုံးတာပေါ့။ တစ်နာရီ ၈ ထောင် အခုက သူတို့ပါ ဝယ်သုံးရတော့ ကိုယ်လည်း ရေကား မှာနေရတာ တစ်လတစ်လတင် ရေဖိုးနဲ့ မနည်းဘူး” လို့ ပြောပါတယ်။

တောင်ကြီးမြို့မှာ ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက် ရှိတဲ့အထဲက ၅ ရပ်ကွက်ခန့်ကိုသာ အစိုးရစနစ်နဲ့ တစ်ပတ်တစ်ကြိမ်ခန့် ရေပေးဝေနိုင်ပြီး ကျန်ရပ်ကွက်တွေက သောက်သုံးရေကို ရေတွင်းပိုင်ရှင်ဆီကနေ ဝယ်ယူသုံးစွဲနေရတာပါ။

အခုလို ရေတွင်းပိုင်ရှင်ကပါ ရေဝယ်သုံးနေရတာကြောင့် စစ်ဘေးရှောင်တွေဟာ ရေရှည်မှာ သောက်သုံးရေ မလုံလောက်မှု ပြဿနာ ကြုံတွေ့လာရနိုင်တယ်လို့ စစ်ဘေးရှောင် ကူညီသူတွေက သုံးသပ်ပါတယ်။

တောင်ကြီးမြို့မှာ အများသုံးစနစ်နဲ့ အစိုးရက ရေပေးဝေနိုင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်- NLD အစိုးရလက်ထက်မှာ ကြိုးစားခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ ပြည်နယ် ဝန်ကြီးချုပ်ကလည်း တစ်မြို့လုံး ရေပေးဝယ်မယ်လို့ ကြွားလုံး ထုတ်ထားပေမဲ့ လက်တွေ့မှာ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။