ဝတ်ရည်၊ ဇွန်လ ၂၉ ရက်၊ နမ့်တစ်
‘ဝ’တပ်- UWSA ထိန်းချုပ်ထားတဲ့ နမ့်တစ်မြို့မှာ စကားများပြီး မိခင်ကို သတ်ဖြတ်သွားတဲ့ သားဖြစ်သူကို UWSA က သေဒဏ် ပေးခဲ့တယ်လို့ ဖြစ်စဉ်သိရှိထားသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သားဖြစ်သူ Ping Suang Ling ဟာ အသက် ၈၀ နှစ်အရွယ် မိခင်ဖြစ်သူနဲ့ စကားများကြရာကနေ သေဆုံးစေတဲ့အထိ ရိုက်နှက်တာကြောင့် မနေ့ ဇွန်လ ၂၈ ရက်မှာ “ဝ”တပ်က သေဒဏ် စီရင်ခဲ့တာလို့ ဆိုပါတယ်။
“ဒီကိစ္စ ၃ လပိုင်းလောက်က ဖြစ်ခဲ့တာလို့ပဲ သိရတာ။ သူ့အမေကို ရိုက်တာ။ လူကြီးဆိုတော့ ခံနိုင်ရည် မရှိဘူးလေ။ သူ့သားက အရက်သမား။ သူ့အမေ သေတာက ဆေးရုံရောက်မှ သေတာ” လို့ အထက်ပါ သတင်းအရင်းအမြစ်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကလည်း လူသတ်မှု ကျူးလွန်သူ အမျိုးသားတစ်ဦးကို လူမြင်ကွင်းရှေ့မှာ သေဒဏ် ချမှတ်ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို ဖျောက်ဖျက်ရာမှာ ကူညီပေးတဲ့ ရည်းစားဖြစ်သူ အမျိုးသမီးကိုတော့ ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်မှာလည်း အကျဉ်းထောင် လုံခြုံရေးဝန်ထမ်းတစ်ဦးကို သတ်ဖြတ်ပြီး ထောင်ဖောက်ပြေးတဲ့ ရာဇဝတ်သား ၄ ဦးကို UWSA က သေဒဏ် ပေးခဲ့ပါသေးတယ်။
UWSA ဟာ ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကို လူထုတွေရှေ့မှာ သေဒဏ် စီရင်တာနဲ့ အမြင့်ဆုံး ထောင်ဒဏ် ချမှတ်တာတွေ ပြုလုပ်လေ့ရှိပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။