ပပ၊ ဇွန်လ ၂၈ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ငွေစက္ကူအတု ကိုင်ဆောင်ထားတဲ့ ဒေသခံ ၃ ဦး ဖမ်းဆီးရမိကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက် ည ၉ နာရီဝန်းကျင်မှာ လားရှိုး ရပ်ကွက် ၄ နဲ့ ၅ မှာ ၁ သောင်းတန် ငွေစက္ကူအတုကိုင်တဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသားက “သူတို့က တရုတ်လူမျိုးလား၊ လီဆူလူမျိုးလား မသိဘူး။ သူတို့လည်း ပစ္စည်းရောင်းရင်း အဲပိုက်ဆံတွေ ရလာတာလို့ ပြောတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ လီရှာအန်း၊ ရွှေထွန်းနဲ့ ဝမ်ကျူးလန်တို့ဖြစ်ပြီး သူတို့နဲ့အတူ ၁ သောင်းတန် ငွေစက္ကူအတု အရွက် ၁၅၀ ကျော်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းပြီးတော့ လားရှိုးမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ အထက်ပါ အမျိုးသားက ပြောဆိုပါတယ်။
ဒါ့အပြင် လားရှိုးမြို့က ဈေးဆိုင်တွေမှာ ငွေစက္ကူအတု မကြာခဏ တွေ့နေရကြောင်း ဆိုင်ပိုင်ရှင်တွေက လူမှုကွန်ရက်ပေါ် တင်ထားတာလည်း တွေ့နေရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကလည်း နမ္မတူမြို့မှာ ၁ သောင်းတန် ငွေစက္ကူအတုကို ၁ သောင်းတန်တွေကြား ရောနှော သုံးစွဲတာ ကြုံခဲ့ဖူးကြောင်း ဆိုင်ရှင်ဖြစ်သူရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။