ပပ၊ ဇွန်လ ၂၈ ရက်၊ ကျိုင်းတုံ
ရှမ်းအရှေ့ ကျိုင်းတုံမြို့နယ်မှာ လူငယ်အမျိုးသားတစ်ဦး လမ်းသွားနေချိန် ရိုက်နှက်နှိပ်စက်ခံရပြီး ဓားပြတိုက်ခံရကြောင်း ကျိုင်းတုံရှိ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ ကျိုင်းတုံမြို့နယ် ကျိုင်းကာရွာမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး စီးလာတဲ့ ဆိုင်ကယ်အပြင် ဖုန်းကို အမျိုးသား ၄ ဦးက လုယက်ကာ ရိုက်နှက်ခဲ့တာပဲ ဖြစ်ပါတယ်။
ကျိုင်းတုံမြို့ခံ အမျိုးသားက “အရင်ကဆိုရင် မြို့ပေါ်မှာပဲ ဖြစ်လေ့ဖြစ်ထရှိတာ။ အခုက ရွာဘက်တွေအထိ ကူးလာပြီ။ အဓိက ဒီမြို့မှာ လောင်းကစားမျိုးစုံတွေ ရှိနေလို့ လူတွေ ပျက်စီးလာကြတာ” လို့ ပြောပါတယ်။
ရိုက်နှက်ခံရသူ အမျိုးသားဟာ ခြေထောက်၊ ဦးခေါင်းနဲ့ ကျောပြင် စတဲ့နေရာတွေမှာ ဒဏ်ရာ ရခဲ့တာကြောင့် ကျိုင်းတုံ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံနေရကြောင်း အထက်ပါအမျိုးသားက ပြောဆိုပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာကို အမှုဖွင့်တိုင်ကြားထားပေမဲ့ မနေ့ ဇွန်လ ၂၇ ရက်အထိ ဓားပြတိုက်သူတွေကို ဖမ်းဆီးနိုင်တာ မရှိသေးကြောင်း ၎င်းက ဆက်ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ ၁၃ ရက်ကလည်း ကျိုင်းတုံမြို့က ရွှေဆိုင်ပိုင်ရှင် ဓားပြတိုက် သတ်ဖြတ်ခံရပေမဲ့ တရားခံတွေကို တာဝန်ရှိသူက ဖမ်းဆီးအရေးယူနိုင်တာ မရှိသေးကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။