ဝတ်ရည်၊ ဇွန်လ ၂၈ ရက်၊ ဝက်လက်
မန္တလေးတိုင်း မတ္တရာမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အစပ်ရှိ ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ Wetlet Informational Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇွန်လ ၂၇ ရက် ညနေ ၅ နာရီဝန်းကျင်မှာ မတ္တရာမြို့နယ် အနောက်ခြမ်းက မိုးကြို၊ ရေလယ်ကျွန်းနဲ့ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း စဉ့်ကိုင်ရွာမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
“အမျိုးသားဖြစ်သူက လက်ကောက်ဝတ် ပြတ်တယ်။ အမျိုးသမီးက လက်မောင်း အရင်းနား ပြတ်သွားတာဗျ။ တခြားကျေးရွာက ထိခိုက်မှုကိုတော့ ကျနော် အတည်မပြုနိုင်သေးပါဘူး” လို့ ကိုမုန်တိုင်းက ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် မတ္တရာမြို့နယ် ရေလယ်ကျွန်းရွာက ဒေသခံ အမျိုးသားနဲ့ အမျိုးသမီး (လင်မယား)တို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း စဉ့်ကူးမြို့နယ် ထုံးကြီးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ကျေးရွာရဲ့အနောက်ဘက်က ကျွန်းပေါ်ရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မြေနုရွာပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသဘက် စစ်တပ်က ကျွန်းပေါ်ကနေ လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်း တိုက်ခိုက်မှု နေ့စဉ်ရက်ဆက် ပြုလုပ်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးသူလည်း မကြာခဏ ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။