အလင်း၊ ဇွန်လ ၂၇ ရက်၊ ဟားခါး
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ CDF-Hakha တပ်စခန်းနှစ်ခုကို စစ်ကောင်စီတပ်က မနေ့ ဇွန်လ ၂၆ ရက် ညပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
တံတားဦးလေတပ်စခန်းကနေ ထွက်ခွာလာတဲ့ ဂျက်တိုက်လေယာဉ် ၂ စီးဟာ မနေ့ည ၉ နာရီ ၅၈ မိနစ်နဲ့ ၁၀ နာရီ ၃ မိနစ်မှာ ဟားခါးမြို့ အရှေ့မြောက်ဘက်ရှိ CDF-Hakha စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“CDF-Hakha စခန်းနှစ်ခုကို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ စခန်းတစ်ခုမှာ ရဲဘော် ၄ ဦး ကျဆုံးပြီး နောက်ထပ် စခန်းတစ်ခုမှာ ၁ ဦး ကျဆုံးခဲ့တာပါ” လို့ CDF-Hakha နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ရဲဘော်တွေ ကျဆုံးခဲ့တဲ့အပြင် ရဲဘော်တွေ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသူလည်း ရှိကြောင်း ၎င်းက ဆက်ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး CDF-Hakha က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။