မြတ်နိုး၊ ဇွန် ၂၃ ၊ ရွှေကူ
ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်မှာ မနေ့ ဇွန်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
“ပင်စင်ကုန်း ဘုန်းကြီးကျောင်ရှေ့က ခြံအလွတ်ထဲ လက်နက်ကြီးကျလို့ အမျိုးသား တစ်ယောက်သေသွားတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က မြို့ထဲကနေရာအချို့မှာ လက်နက်ကြီးတွေ တပ်ဆင်ထားပြီး မနေ့ နေ့လယ်ပိုင်းက မြို့ပြင်ဘက်ကို အဆက်မပြတ် ပစ်ခတ်နေတာလို့ သူက ပြောပါတယ်။
“ဒီနေ့မနက်ပိုင်း ရွှေကူမြို့အထက်က ၄ လမ်းဆုံ အထွက်ဘက်တွေမှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်သံတွေ ဆူဆူညံညံ ကြားနေရတယ်။ လေယာဥ်နဲ့လည်း ဗုံးလာကြဲတယ်” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က နေ့ရော ညပါ မြို့ပြင်ဘက် လက်နက်ကြီး ပစ်ခတ်နေပြီး ရွှေကူမြို့ကနေ ထွက်ပြီး စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတာ လို့ ဆိုပါတယ်။။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ ညနေကလည်း ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီး ၂ လုံးကျကွဲခဲ့လို့အရပ်သား ၄ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။