ရွှေဖီမြေ၊ ဇွန်လ ၂၁ ရက်၊ ကျိုက်ထို
ကရင်ပြည်နယ် ဒူးသထူခရိုင် ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်ဘက်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့လို့ ဒီနေ့ဇွန်လ ၂၁ ရက်မှာ KNU က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်မှာ ကျိုက်ထိုမြို့နယ်အတွင်းက ဆောသုခီး (ကျောက်ဖျာ) ကျေးရွာအုပ်စု၊ သဝေါသော (ချောင်းစောင့်)ကျေးရွာမှာ ဂျက်ဖိုက်တာ တစ်စီးနဲ့ ပေါင် (၅၀၀) ဗုံးသီး (၁) လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သဝေါသော (ချောင်းစောင့်) ကျေးရွာထိပ်ရှိ ကုန်စုံအရောင်းဆိုင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ပိုင်ရှင် စောကျော်တင့် (အသက် ၃၈ နှစ်) သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ နော်လုလုဖောမှာ ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိခိုက်သေဆုံးမှုရှိတဲ့အပြင် ကုန်စုံဆိုင်တခုလုံးလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၅ ရက် နေ့လယ် ၁၁ နာရီခွဲအကျော်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်ရဲ့ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်ကနေ ဒေသခံတွေ နေထိုင်ရာ ကျေးရွာဘက်သို့ (၁၂၀) မမ လက်နက်ကြီး (၄) လုံး ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်က တကွီးပူ (ငှက်ပျောတော) ကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာအနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး တကေ့ခီး (တဂေးချောင်းဖျား) ကျေးရွာနေ စောစိန်ကုလား (အသက် ၄၄ နှစ်) ဆိုသူဟာ လက်နက်ကြီးကျည်စ ထိမှန် သေဆုံးသွားခဲ့လို့ ဖော်ပြထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ ၃၀ ရက်မှာလည်း လယ်ဒိုမြို့နယ်ထဲက ဝေဒေါခို(အင်တိုင်းကုန်း)ကျေးရွာထဲကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကျိုက်ထိုမြို့နယ်နဲ့ လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် လက်နက်ကြီး၊ ဒရုန်း၊ လေယာဥ်တွေနဲ့ နေ့စဥ်လိုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။