ရွှေဖီမြေ၊ ဇွန်လ ၁၉ ရက်၊ မြိုင်
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မှာ မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။
မြိုင်မြို့နယ် သာစည်ကျေးရွာက ယာတောထဲမှာ ယာယီတဲထိုးပြီး စစ်ရှောင်နေတဲ့ အသက် ၆၀ ကျော်ရှိတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
“ဒေသခံ ၃ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့တော့ ကြားတယ်။ အချက်အလက်မရနိုင်သေးလို့ အတည်မပြုနိုင်သေးဘူး။ စစ်တပ်က အဲဒီမြဇီးတောဘက်ကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဒေသခံတွေရဲ့ နေအိမ်တွေ လယ်ထွန်စက်တွေ၊ မြေတူးစက်၊ ဆိုင်ကယ်တွေ အကုန်မီးရှို့သွားတယ်။ ရွာဦးဘုန်းကြီးကျောင်းလည်း မီးရှို့ခဲ့တယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကလည်း မြဇီးတောရွာဘက်ကို စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ နေအိမ် ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကနေ ဇွန်လ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့က ပခုက္ကူမှာရှိတဲ့ ကျေးရွာ (၁၁) ရွာက ဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အပြင် နေအိမ်တစ်ထောင်ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု ထုတ်ပြန်ချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။