ရွှေဖီမြေ၊ ဇွန်လ ၁၆ ရက်၊ နမ္မတူ
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ ရပ်ကွက်တချို့မှာ တစ်ပတ်ခန့်ကြာတဲ့အထိ ရေပြတ်လပ်မှု ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
နမ္မတူမြို့ ရပ်ကွက် ၈ မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက “ရေမလာတာ တစ်ပတ်လောက်ရှိပြီ။ ရေက သုံးစရာမရှိဘူး။ အိမ်သာရေနဲ့ အိုးခွက်ပန်းကန်ဆေးဖို့ရေက အဓိကပဲ။ အောက်ချောင်းထိ သွားခပ်သုံးရတာ” လို့ ရွှေဖီမြေကို ပြောပါတယ်။
အခုလို ရေပြတ်လပ်တာဟာ နေ့စဉ်မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံဖြစ်ကာ မြို့ထဲကို အဓိကသွယ်တန်းတဲ့ရေပိုက်တွေ ပျက်ဆီးသွားခဲ့တာကြောင့်ဖြစ်ပြီး ပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ နမ္မတူမြို့နယ် စည်ပင်သာယာရေးဌာနက ရွှေဖီမြေကို ပြောပါတယ်။
“မိုးရွာပြီဆို ရေကြီးပြီး ပိုက်ကပျက်နေတာ။ အခုတောက်လျှောက်ပြင်နေတယ်။ နောက် ၂ ရက်လောက်ဆို ပြန်ရမယ်။ ဒီနေ့ (ဇွန်လ ၁၆ ရက်) ပိုက်တွေဆက်ပြီး မနက်ဖြန်ပြင်ပြီးရင် မနက်ဖြန်ညနေပိုင်း ပြန်ရကောင်းရနိုင်တယ်”
နမ္မတူမြို့မှာ နေ့စဉ်နီးပါး မိုးတွေရွာသွန်းလျက်ရှိပြီး မြို့ထဲအသုံးပြုနေရတဲ့ရေတွေလည်း နောက်နေတာကြောင့် ရေတွေမနောက်အောင် ဆေးအသုံးပြုသွားမယ်လို့ သူကထပ်လောင်းပြောလိုက်ပါတယ်။
အခုလို ရေပြတ်လပ်မှုကြောင့် ဒေသခံတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ နီးစပ်တဲ့ရေချောင်းတွေမှာ ရေခပ်ယူနေကြရလျက် ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။