ပပ၊ ဇွန်လ ၁၅ ရက်၊ ပင်းတယ
ရှမ်းတောင် ပင်းတယမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတစ်ဦး သတ်ခံခဲ့ရတာကြောင့် ဒီနေ့ ဇွန်လ ၁၅ ရက်အထိ သွားလာရေး စစ်ဆေးနေကြောင်း မြို့ခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပင်းတယမြို့နယ် စံသီးကုန်းရွာရဲ့ အုပ်ချုပ်ရေးမှူး တာဝန်ယူထားသူ အသက် ၄၀ ဝန်းကျင်အရွယ် ဦးကျော်စောကို လူတစ်စုက ဇွန်လ ၁၃ ရက် ညပိုင်းမှာ နေအိမ်အထိ သတ်ဖြတ်သွားတာ ဖြစ်ပါတယ်။
ပင်းတယဒေသခံ အမျိုးသားက “ဘယ်သူမှ သေချာမသိရဘူး။ သေနတ်နဲ့ သတ်တာလား။ ဓါးနဲ့ သတ်တာလား မသိရဘူး။ သူ့အလောင်းကိုလည်း အနီးကပ်ကြည့်ခွင့်မရဘူး” လို့ ပြောပါတယ်။
၎င်းအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ရွာအတွင်းနဲ့ ပင်းတယမြို့ထဲမှာ စစ်ကောင်သီတပ်က လူအင်အားတွေချထားပြီး သွားလာတဲ့လူထုတွေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အလားတူ ဇွန်လ ပထမပတ်ကလည်း ရွာငံမြို့နယ် မြိုင်ကျေးရွာမှာ ဒေသခံတစ်ဦး အသတ်ခံရပြီး အမှိုက်ပုံမှာ အလောင်းစွန့်ပစ်ခံထားရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
၎င်းဖြစ်စဉ်မျိုးဟာ စစ်ကောင်စီတပ် ထိန်းချုပ်တဲ့ ရွာငံနဲ့ ပင်းတယအပြင် ရှမ်းတောင်ရှိ တခြားမြို့နယ်မှာလည်း မကြာခဏ အုပ်ချုပ်ရေးမှူးတွေ ဖမ်းခံရတာနဲ့ သတ်ဖြတ်တာကို ခံခဲ့ရကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။