ဆုမွန်၊ ဇွန်လ ၁၃ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာမှာ ကချင်တပ်မတော်-KIA ရဲ့ အရာရှိတစ်ဦးက တပ်သားတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ အမည်မဖော်လို အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက် ည ၉ နာရီမှာ ကောင်းခါးကျေးရွာမှာ လှုပ်ရှားနေတဲ့ KIA တပ်မဟာ (၁၀) ရဲ့ အရာရှိသူဖြစ်တဲ့ ဦးလရှီးနော်လီက ၎င်းရဲ့တပ်သားဖြစ်တဲ့ အသက် ၃၁ ရှိတဲ့ ဦးဆန်အောင်ဆိုသူကို မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ မူးယစ်သောက်စားထားတာရှိထားတယ်။ အဲနေ့က ဦးဆန်အောင် အိမ်ကနေပြန်လာပြီး အခန်းထဲဝင်အိပ်တယ်။ အဲအရာရှိက သူ့ကိုမေးတယ် ဘယ်ကနေပြန်လာတာလဲဆိုပြီး သူ့ကို ဟိုဟာမေးဒီဟာမေးနေတယ်။ မင်းအခုမှပြန်လာရသလားဆိုပြီး သူ့ကိုကြိုးတုပ်ပြီး ရိုက်တယ်။ နောက်တော့ သေနတ်နဲ့ပစ်သတ်လိုက်တယ်။ သူလည်း သူ့ရဲ့တပ်သားကို ပစ်သတ်ပြီးတဲ့နောက်တစ်ရက်မှာ ရပ်ရွာထဲ သူဘိန်းတွေလာရှာစားသေးတယ်ဆိုပြီး ရွာကလူတွေပြောကြတာပဲ။ သူရာထူးတိုးတာ မကြာသေးဘူး။ ၂ ရက်ပဲရှိသေးတယ်။ လူသတ်မှုဖြစ်တာ။ အခု သူကောင်းခါးထဲမှာပဲ ရှောင်ပုန်းနေတယ်လို့ ရပ်ကွက်က လူတွေ ပြောကြတယ်”လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ဦးဆန်အောင်ရဲ့ ရုပ်အလောင်းကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက် နေ့လယ်မှာ မီးသဂ်ြိုလ်ပေးလိုက်တာဖြစ်ပြီး ၎င်းရဲ့အသုဘစရိတ်ကိုလည်း KIA တပ်ဘက်က တာဝန်ယူဖြေရှင်းပေးတာ မရှိသေးဘူးလို့ အထက်ပါ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
အဆိုပါ ဦးဆန်အောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိအောင် စစ်ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ပေးဖို့ ကျန်ရစ်သူ မိသားစုဝင်တွေက KIAရဲ့ အထက်ပါအရာရှိသူတွေကို တောင်းဆိုထားကြောင်း ဒေသခံတွေက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်