မိုင်းရူပ၊ ဇန်နဝါရီ ၂၉ ရက်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ၁ နှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ၁,၉၂၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က မနေ့ ဇန်နဝါရီ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲသူတွေကို TNLA က အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းမှာ အကျင့်စာရိတ္တ ပြုပြင်ပေးပြီး ရောင်းဝယ်သူတွေကိုတော့ အရေးယူထားပါတယ်။
လက်ရှိ TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူ၊ ခိုးမှု၊ လုယက်မှု သိသိသာသာ လျော့နည်းလာတာ တွေ့ရပြီး မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူတော့ ဆက်ရှိနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
“လမ်းဘေးမှာ မူးယစ်ဆေးဝါးတွေကို ပေါ်တင် သုံးတာတော့ မတွေ့ရတော့ဘူး။ မူးယစ်ဆေး သုံးတဲ့သူလည်း ရှိနေသေးတယ်။ အဲဒါတွေ ဆက်လက် ဖမ်းဆီးပြီး အရေးယူစေချင်တယ်။ ဒါမှသာ သူခိုးတွေလည်း လျော့နည်းလာမယ်”
ဒါ့အပြင် ၂၀၂၄ အတွင်း အမှုပေါင်း ၁,၂၄၂ မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး အဲဒီအမှုတွေထဲ နမ့်ဆန်ခရိုင်မှာ ၈၃၁ မှု၊ ရွှေလီခရိုင် ၂၂၆ မှု၊ မာန်အောင်ခရိုင် ၁၁၈ မှု၊ သံလွင်ခရိုင် ၅၃ မှုနဲ့ အခြားမြို့နယ်မှာ ၁၄ မှု ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးအရေးယူနိုင်တဲ့ အမှုတွေထဲ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးယူမှု၊ အပြင်းထန် နာကျင်စေမှုနဲ့ တခြားြပစ်မှုတွေလည်း ပါဝင်ပါတယ်။
အဲဒီအမှုတွေထဲ PSLF/TNLA ရဲ့ တရားစီရင်ရေးဌာနက ၃၃ မှုကို ဆုံးဖြတ်ကာ အပြစ်ပေး အရေးယူခဲ့နိုင်ခဲ့ပြီး ရဲအရေးပိုင်မှုနဲ့ သာမန်အမှု ၈၁၈ မှုကို တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဆုံးဖြတ်ပေးခဲ့ကာ ရုံးအတွင်း သိမ်းထားတဲ့အမှု ၂၅၆ မှု ကျန်သေးတယ်လို့ ဆိုပါတယ်။
PSLF/TNLA ဟာ ရှမ်းမြောက် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို ထိန်းချုပ်ထားပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပါတယ်။