ရွှေဖီမြေ၊ ဇွန် ၁၁ ရက်
“ဝ” ဒေသ ပန်ဆန်းမြို့နယ် နလော့ကျေးရွာအုပ်စု ယုံပန်းကျေးရွာမှာ ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး အိမ်နီးချင်း ၃ ဦးကိုပါ တိုက်ခိုက်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ “ဝ” ပြည်တရားစီရင်ရေးကော်မတီက မနေ့ ဇွန် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ တရားခံဖြစ်သူ အဆိုပါအမျိုးသားဟာ အသက် ၅၀ နှစ်အရွယ် ပေါင်နီလူဆိုသူဖြစ်ပြီး မူးယစ်ဆေးဝါးကို ကာလရှည်ကြာ သုံးစွဲခဲ့သူဖြစ်ကြောင်း ဆိုပါတယ်။
စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေရှိနေကာ မိသားစုအတွင်း ငွေကြေးပြဿနာတွေနဲ့ အငြိုးအတေးတွေကြောင့် ဇနီးဖြစ်သူ သတ်ဖြတ်တဲ့အထိ ဖြစ်ပွားခဲ့ရပြီး နောက်ထပ် လူ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိစေကာ ၁ ဦးကိုလည်း အနည်းငယ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဇနီးဖြစ်သူကိုတော့ လျှပ်စစ်ရှော့ခ်တုတ်နဲ့ ခြိမ်းခြောက်ပြီးနောက် ဓားမနဲ့ ခုတ်သတ်ခဲ့တယ်လို့ ဖော်ပြထားပြီး အဲဒီနောက် အိမ်နီးချင်းတစ်ဦးကို ဓားနဲ့ ပစ်ပေါက်ခဲ့သလို ယောက်ဖနဲ့ ဝမ်းကွဲညီအစ်ကိုကိုလည်း လျှပ်စစ်ရှော့ခ်တုတ်နဲ့ ဓား အသုံးပြုပြီး ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်အပြီးမှာ ဆိုင်ကယ်နဲ့ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်နေရာအနီးမှာ ဖမ်းဆီးရမိခဲ့ပြီး အသုံးပြုခဲ့တဲ့ ဓားနဲ့ လျှပ်စစ်ရှော့ခ်တုတ်တို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဝပြည်တရားစီရင်ရေးကော်မတီကတော့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ အယူသီးမှုတွေဟာ လူမှုအသိုင်းအဝိုင်းကို ထိခိုက်စေတဲ့ အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့ ပြောဆိုထားပြီး အကြမ်းဖက် ရာဇဝတ်မှုတွေကို တင်းတင်းကျပ်ကျပ် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ တရားခံကို ထိန်းသိမ်းထားပြီး အမှုကို သက်ဆိုင်ရာ တရားရေးအဖွဲ့ထံ လွှဲပြောင်းထားကာ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။