ရွှေဖီမြေ၊ ဇွန်လ ၁၁ ရက်
တော်လှန်ရေးကာလအတွင်း ရဲစွမ်းသတ္တိအပြည့်နဲ့ တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါတွေကို စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) က မနေ့ ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အခမ်းအနားကို ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဂုဏ်ပြုပွဲဟာ တော်လှန်ရေး ၅ နှစ်သာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ မိမိတို့တပ်မက အရာရှိ၊ ရဲဘော်တွေ စုစုပေါင်း (၁၂၄) ဦးရှိတယ်လို့လည်း ၎င်းတို့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဆိုပါအခမ်းအနားကို ဂုဏ်ပြုခံတဲ့ရဲဘော်တွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ အထူးလှုပ်ရှားတပ်မက ရဲဘော်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
(၅) နှစ်တာ တော်လှန်ရေး ခရီးကြမ်းကာလအတွင်းမှာ စစ်အာဏာရှင်စနစ်ဆိုး အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ယုံကြည်ရာကို လက်နက်စွဲကိုင် တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ အရာရှိ၊ ရဲဘော်နဲ့ ညီနောင်တော်လှန်ရေးတပ်ဖွဲ့အသီးသီးက ရဲဘော်တွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေကို ပြည်သူလူထုတစ်ရပ်လုံးနဲ့ ရဲဘော်အသီးသီးက အစဉ်အမြဲ လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်နေမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ တပ်မကို စတင်တည်ထောင်ချိန်ကစပြီး ဒီနေ့အချိန်အထိ တော်လှန်ရေးတာဝန်တွေနဲ့ တပ်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖာ်ပြထားပါတယ်။
အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့လာတဲ့ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး တာဝန်ရှိသူတွေကလည်း အမှာစကားပြောကြားခဲ့တာအပြင် ဂုဏ်ပြုချီးမြှင့်ခံရတဲ့ ရဲဘော်တွေ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ဆောင်ရွက်ခဲ့ကြပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။