ဓာတ်ပုံ – SPM

By မိုင်းရူပ၊ ရွှေဖီမြေ

ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်ဒေသ လွယ်တိန်ကျေးရွာဟာ မြို့ပြနဲ့ ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသတစ်ခုဖြစ်ပြီး လားရှိုးနဲ့ “ဝ” နယ်စပ်မှာရှိတဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။

ဒီကျေးရွာကို ရောက်ရှိလာသူတစ်ဦးအတွက် အရင်ဆုံး မြင်ရမယ့်အရာဟာ ရွှံ့ထူနေတဲ့ လမ်းမတွေ၊ ဆင်းရဲနွမ်းပါးတဲ့ လူနေအိမ်တွေနဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့နေတဲ့ လူမှုဘဝတွေသာ မြင်ရမှာပါ။

ဒီရွာရဲ့ အစွန်ဆုံးနေရာက ၁၀ ပေဝန်းကျင်သာရှိတဲ့ တဲအိမ်သေးသေးလေးတစ်လုံးထဲမှာ ဒေါ်ဆိုင်တို့မိသားစု နေထိုင်ကြပါတယ်။

ဒီဒေသမှာ စာတတ်မြောက်မှု မရှိသလောက်ဖြစ်နေတာကြောင့် ၎င်းတို့ အသက်အရွယ် ဘယ်လောက်ရှိပြီဆိုတာကို မသိကြပါဘူး။ ဒေါ်ဆိုင်ဟာ အသက် ၃၅ နှစ်လောက် ရှိပြီလို့ ခန့်မှန်းရပါတယ်။

မိမိအသက် ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိတော့ပေမယ့် ဒီလိုဝေးလံခေါင်သီတဲ့ ဒေသမှာ နေထိုင်နေတဲ့ သူမရဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ ဆုံးရှုံးမှုတွေ များပြားလွန်းလှပါတယ်။

ဒေါ်ဆိုင်မှာ ကလေး ၁၀ ယောက် မွေးဖွားခဲ့ပေမယ့် လက်ရှိမှာ အသက်ရှင်ကျန်ရစ်သူဟာ ၆ ယောက်သာ ရှိတော့တယ်လို့ ဒေါ်ဆိုင်က ပြောပြပါတယ်။

ကျန် သား၊ သမီး ၄ ဦးဟာ ဆေးကုသမှု အချိန်မီ မရရှိခဲ့ခြင်းကြောင့် တစ်ဦးပြီးတစ်ဦး သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

“ကလေးတွေက ငယ်ငယ်ကတည်းက ဆုံးသွားကြတာ။ ပြီးခဲ့တဲ့နှစ်က တစ်ယောက်သေတယ်။ အသက် ၂ နှစ်ရှိပြီ။ ဖျားပြီးတော့မှ သေကြတာ။ ဘာဆေးမှ မရှိဘူးလေ” လို့ ဒေါ်ဆိုင်က ပြောပြပါတယ်။

လက်ရှိမှာ ဒေါ်ဆိုင်ဟာ ကလေးတစ်ယောက် ထပ်မံမွေးဖွားထားပြီး ၁၀ ရက်ဝန်းကျင်သာ ရှိသေးပေမယ့် မိသားစုရဲ့ စားဝတ်နေရေး အခက်အခဲကြောင့် မိခင်ကိုယ်တိုင် အာဟာရပြည့်ဝတဲ့ အစားအစာတွေ မစားနိုင်ဘဲ ဆားနဲ့ ထမင်းကိုသာ ရောစပ်စားသောက်နေရပါတယ်။

ဒါ့အပြင် ဆင်းရဲမွဲတေမှုကြောင့် ထမင်းနပ်မမှန်တော့တဲ့ ဒေါ်ဆိုင်တို့ မိသားစုအတွက် ၁၀ ရက်သား သမီးလေးကို ဆက်မွေးနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

မိခင်ရဲ့ အာဟာရချို့တဲ့မှုက နို့သောက်နေရတဲ့ ကလေးရဲ့ ကျန်းမာရေးအပေါ်ပါ သက်ရောက်မှုရှိလာနေပါတယ်။ တဲအိမ်လေးထဲမှာ နေထိုင်ရင်း နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ ဒေါ်ဆိုင်အတွက် မွေးကင်းစကလေးကို ပြုစုစောင့်ရှောက်ဖို့ပင် မလွယ်ကူတော့တဲ့ အခြေအနေပါ။

နောက်ဆုံးမှာ သူမရဲ့ ရင်သွေးကို တခြားသူတွေကို ပေးမွေးစားဖို့ ဆုံးဖြတ်လိုက်ရတဲ့အထိ အခြေအနေက ဆိုးရွားခဲ့ပါတယ်။

မိခင်တစ်ဦးအတွက် မိမိရင်သွေးကို လက်လွှတ်ပေးလိုက်ရခြင်းဟာ နာကျင်ဖွယ်ရာ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေမယ့် ဒေါ်ဆိုင်အတွက် ရွေးချယ်စရာများ မကျန်တော့တဲ့အထိ ဖြစ်လာခဲ့တာပါ။

ဆင်းရဲမွဲတေမှု၊ အာဟာရချို့တဲ့မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိမှုတို့ ပေါင်းစပ်လာတဲ့အခါ မိခင်တစ်ဦးရဲ့ မေတ္တာပင် အနိုင်မယူနိုင်တဲ့ အခြေအနေမျိုးကို ဖြစ်ပေါ်စေခဲ့ပါတယ်။

“သားဆက်ခြားဆေး သောက်မယ်ဆိုလည်း ပိုက်ဆံမရှိဘူးလေ။ ဒီလိုပဲ ဖြတ်သန်းရတာပေါ့” လို့ ဒေါ်ဆိုင်က သူမရဲ့ ရင်နာဖွယ် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေကို ပြောပြပါတယ်။

လွယ်တိန်ရွာလို ဝေးလံခေါင်သီတဲ့ ကျေးရွာခံတွေအဖို့ ကျန်းမာရေးစောင့်ရှောက်နိုင်ဖို့ လက်လှမ်းမှီမှု နည်းပါးတာကြောင့် ကလေးငယ် သေဆုံးမှုတွေဟာ ထူးဆန်းတဲ့ ဖြစ်ရပ်မဟုတ်တော့ပါဘူး။

နေမကောင်းဖြစ်လာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်နိုင်ဖို့ အချိန်၊ ငွေကြေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မသေဆုံးသင့်ဘဲ သေဆုံးနေကြရပါတယ်။

“ကျန်းမာရေးကြောင့် တစ်ခုခုဖြစ်ရင် ဆေးမရှိတော့ ဒီတိုင်းပဲ နေရတယ်။ ပြီးခဲ့တဲ့ ၄ လလောက်က ကျနော်မြေး ဖျားနေလို့ မိုင်းယော်ဘက် သွားပြတာ။ ဆေးခန်းတောင် မရောက်လိုက်ရဘူး။ လမ်းမှာ ဆုံးသွားတယ်” လို့ မိုင်းယော်ဒေသ ပိန်းလောင်ရွာခံ ဦးအိုက်ထောင်းက ပြောပြပါတယ်။

ကျန်းမာရေးအသိပညာ နည်းပါးမှုကြောင့် ကလေးမိခင်တွေဟာ သားဆက်ခြားနည်း မသိတာကြောင့် ကလေးမွေးဖွားမှုနှုန်းတွေ မြင့်တက်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် မကြာခဏ သေဆုံးနေရပါတယ်။

ဒါ့အပြင် ဒီဒေသက လူထုတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် ကျန်းမာရေးပြဿနာ ဖြစ်ရင် နတ်ကိုးကွယ်မှုကိုသာ ယုံကြည်ပြီး ဆေးကုသနေကြတာ တွေ့ရပါတယ်။

မိုင်းယော်ဒေသမှာ ခေတ်အဆက်ဆက်က တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်တပ်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေ စိုးမိုးထားတဲ့နယ်ဖြစ်ပြီး လူထုတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးတွေကို အုပ်စိုးသူတွေက လျစ်လျူရှုထားကြပါတယ်။

လက်ရှိမှာတော့ မိုင်းယော်ဒေသမှာ တအာင်းတပ် – TNLA၊ ကိုးကန့်တပ် – MNDAA နဲ့ “ဝ” တပ်ဖွဲ့ – UWSA တို့ သွားလာလှုပ်ရှားတဲ့ နယ်မြေဖြစ်ပါတယ်။

ဒေါ်ဆိုင်ရဲ့ ရင်နာဖွယ် ဇာတ်လမ်းဟာ လူတစ်ဦးတည်းရဲ့ အခက်အခဲ မဟုတ်ဘဲ မိုင်းယော်ဒေသက ဝေးလံခေါင်သီတဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ လူထုတွေရဲ့ ဆိုးရွားလှတဲ့ ကျန်းမာရေးအခြေအနေကို ဖော်ပြနေတာလည်း ဖြစ်ပါတယ်။

ကလေးငယ်တစ်ဦး ဖျားနာတဲ့အခါ ဆေးဝါးမရှိတာ၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဆေးဝါးမရရှိတာနဲ့ အာဟာရချို့တဲ့မှုတွေဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုဟာ အခွင့်ထူးတစ်ခု မဟုတ်ဘဲ လူတိုင်းရသင့်တဲ့ အခြေခံ အခွင့်အရေးတစ်ခု ဖြစ်ပေမယ့် ဒေါ်ဆိုင်တို့လို ဒီဒေသမှာ နေထိုင်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ အလှမ်းဝေးနေရဆဲပါပဲ။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

အမွဲသိမ်းမယ့် ကျွဲဂိမ်း

အလွှာပေါင်းစုံသော လူထုအတော်များများသည် စလော့ဂိမ်းများဖြင့် ပတ်သက်ဆက်စပ် ရင်းနှီးနေကြသည်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။