အလင်း၊ ဇွန်လ ၈ ရက်၊ ဖလမ်း
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ဖလမ်းမြို့ပေါ်ရှိ နေအိမ်တစ်အိမ်အတွင်း Non-CDM ကျောင်းဆရာတစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူမှာ ဦးကင်ဇာပီယာန် (U Kim Za Piang)ဆိုသူဖြစ်ပြီး ၎င်းကို မနေ့ ဇွန်လ ၇ ရက်မှာ သေဆုံးလျက် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ကျောင်းဆရာဟာ မကြာသေးခင်က မြန်မာ-အိန္ဒိယနယ်စပ်ရှိ ဇိုခေါထာရ် (Zokhawthar)မှာ စစ်ဘေးရှောင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်မှ ဖလမ်းမြို့ဘက် ပြန်လည် ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။
ပြန်လည် ရောက်ရှိလာပြီးနောက် နှစ်ရက်အကြာမှာ ဖလမ်းမြို့ ဖာရ်ထောက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်း အခုလို သေဆုံးနေတာကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
“သူက ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကမှ စစ်ဘေးရှောင်ရာ ဇိုခေါသူရ်ကနေ ဖလမ်းကို ပြန်ရောက်လာတာပါ။ အဲဒီလို ပြန်ရောက်ပြီး ဇွန်လ ၇ ရက်နေ့မှာ ဖာရ်ထောက်ရပ်ကွက်ထဲက အိမ်တစ်အိမ်မှာ သေဆုံးနေတာကို တွေ့ရတာ ဖြစ်ပါတယ်” လို့ ဖလမ်းဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သေဆုံးနေတာကို တွေ့ရှိရတဲ့ ဇွန်လ ၇ ရက်မှာ ဒေသခံနဲ့ တာဝန်ရှိသူတွေက အလောင်းကို ၎င်းရဲ့ ဇာတိကျေးရွာဖြစ်တဲ့ ဘွာလ်ခွာ (Bualkhua)ရွာဘက် ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ကျောင်းဆရာဟာ ဘာကြောင့် သေဆုံးခဲ့လဲဆိုတာကို လက်ရှိအချိန်ထိ တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
သေဆုံးသူ ဦးကင်ဇာပီယာန်မှာ ဇနီးဖြစ်သူနဲ့ သားသမီး ၄ ဦး ကျန်ရစ်ခဲ့တယ်လို့လည်း သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။