စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က ကျေးရွာ ၄ ရွာ မီးရှို့ခံရတာကြောင့် ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Wetlet News Information မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇွန်လ ၈ ရက်မှာလည်း ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ ရေဂမိုးရွာက ဒေသခံပိုင် နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
“ရေဂမိုးရွာ ၃ ကြိမ်လောက်ရှိပြီ မီးရှို့ခံရတာ။ ရွာရဲ့ ၃ ပုံထဲက ၂ ပုံတော့ နေအိမ်တွေ မရှိတော့ဘူး။ မီးရှို့တဲ့ စစ်တပ်ရဲ့ စစ်ကြောင်းက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၁၂ လပိုင်း ၂၅ ရက်ကတည်း မီးလိုက်ရှို့နေတဲ့ စစ်ကြောင်းတွေပါ။ စစ်ကြောင်း စထိုးတုန်းကတော့ ဒေသခံတွေကို PDF လို့ မှတ်ပြီး သတ်ဖြတ်တာမျိုးတွေလည်း ရှိခဲ့ပါတယ်” လို့ ကိုမုန်တိုင်းက ပြောပါတယ်။
စစ်တပ်ဟာ ရေဂမိုးရွာအပြင် ထုံးဘို၊ ရှားကွဲနဲ့ ကူကြီး စတဲ့ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ စစ်ကြောင်း ထိုးတာတွေကြောင့် ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး၊ ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိပ့်၊ ကူကြီးနဲ့ ငါးပတ်ချောင်းရွာက ဒေသခံ ၅ ထောင်ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ ၁၂ ရက်ကလည်း ကနီမြို့နယ် ရှမ်းမြောင်း၊ တဇယ်ချောင်နဲ့ မင်းကုန်းရွာအပါအဝင် တခြားကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းခွဲပြီး နေအိမ်တွေကို မီးရှိုးဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။