အိုက်ပွီး၊ ဇန်နဝါရီ ၂၈ ရက်၊ တမူး
စစ်ကိုင်းတိုင်း တမူးမြို့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးက လူမရှိတဲ့ စစ်ဘေးရှောင်နေအိမ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း ဖောက်တွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကို ပေါ်တင် ခိုးယူနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တမူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မယ်လို့ သတင်းထွက်ပေါ်လာတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်ကစပြီး ဒေသခံ ထက်ဝက်နီးပါးဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
မြို့သိမ်းတိုက်ပွဲ သတင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် နေအိမ်တွေကို စစ်တပ်နဲ့ ပျူစောထီးက ဒီရက်ပိုင်းအတွင်း တစ်အိမ်တက် တစ်အိမ်ဆင်း ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကို ပေါ်တင် ခိုးယူနေကြတယ်လို့ သိရပါတယ်။
“အဓိက လူမရှိတဲ့ နေအိမ်တွေကို ဖောက်ထွင်းတာပါ။ ညဘက်ချည်းမဟုတ်ဘဲ နေခင်းဘက်တောင် စစ်ဆေးတာတွေ လုပ်သလိုလုပ်ပြီး ပေါ်ပေါ်ထင်ထင် ခိုးတာလုပ်လာတယ်။ မြင်တဲ့သူတွေလည်း ဘာမှမပြောရဲဘူး။ အခုရက်ပိုင်းမှာ ပိုဆိုးလာတယ်” လို့ တမူးမြို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဇန်နဝါရီ ၂၃ ရက်ကလည်း တမူးမြို့ မြို့မ(၁၃) နန်းဖာလုန်ရပ်ကွက်က ချမ်းငြိမ်းသာဆိုင်ခန်းကို ပျူစောထီးက ဖောက်ထွင်းပြီး ပစ္စည်းခိုးယူသွားတယ်လို့ သိရပါတယ်။
“စကစတွေထက် ပျူစောထီးတွေ ပိုဆိုးတယ်။ ပြီးတော့ ပျူစောထီးအပေါင်းအပါတွေ၊ ရပ်ကွက်ထဲက ဆေးသမားတွေနဲ့ပေါင်းပြီး ခိုးနေကြတာပါ။ လူတွေက မြင်ရလည်း မပြောရဲဘူး။ မတားရဲဘူး။ သူတို့တွေဆီမှာ သေနတ်တွေ ရှိတယ်” လို့ တမူးမြို့ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
တမူးမြို့မှာ စစ်တပ်နဲ့ ပျူစောထီးအပြင် ၎င်းတို့ရဲ့ လက်အောက်ခံဖြစ်တဲ့ ရှမ်းနီ၊ ကသည်း စတဲ့လက်နက်ကိုင်တပ်ဖွဲ့လည်း ရှိပါတယ်။