ပို့လဘား၊ မေလ ၃၁ ရက်၊ နမ့်ခမ်း
ဒီနေ့ မေလ ၃၁ ရက် နေ့လယ် ၁၂ နာရီခွဲမှာ နမ့်ခမ်းမြို့ ကောင်းတပ်ရွာက ပေါက်ကွဲမှုကြောင့် ဒေသခံ သေဆုံးသူ ၅၅ ဦးအထိရှိပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ကယ်ဆယ်ရေးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိမှာတော့ ကောင်းတပ်ရွာက ဖြစ်ပွားတဲ့ ပေါက်ကွဲမှုမှာ အမျိုးသမီး ၂၅ ဦးနဲ့ အမျိုးသား ၃၀ဦး အထိရှိပြီး ဒဏ်ရာရသူတွေ ဆယ်နဲ့ချီရှိကာ ပိတ်မိနေသူတွေကိုလည်း ဆက်လက်ကယ်ထုတ်နေဆဲ ဖြစ်ပါတယ်။
“ဒီစာရင်းက ကျနော်တို့ပရဟိတအသင်းတွေ ရတဲ့စာရင်းပဲ။ အခုချိန်ထိ အုတ်ခဲကြားမှာ ကယ်ထုတ်နေတုန်းပဲ။ သေတဲ့သူဘယ်လောက်ရှိမလဲ မပြောတတ်တော့ဘူး”
အရေးပေါ် သွေးလှူဒါန်းလိုသူတွေအနေနဲ့ နမ့်ခမ်းမြို့ပြည့်သူဆေးရုံမှာ လာရောက်လှူဒါန်းပေးဖို့ ကယ်ဆယ်ရေးလုပ်ပေးနေသူတွေက တိုက်တွန်းထားပါတယ်။
ပေါက်ကွဲမှုအသေးစိတ်ကို မသိရသေးပေမယ့် ယမ်းဂိုထောင်ပေါက်ကွဲတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေသလို အသေးစိတ်ကို ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပြီး တအာင်းတပ်ဘက်ကလည်း ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းပြီး သတင်းထုတ်ပြန်သွားမယ်လို့ ဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။