ဝတ်ရည်၊ မေလ ၂၉ ရက်၊ ဖားကန့်
ဖားကန့်မြို့မှာ စစ်ကောင်စီတပ် ပစ်သတ်ထားတဲ့ နွားကို ဖျက်ရောင်းဖို့လုပ်တဲ့ အမျိုးသား ၃ ဦး ထပ်မံ ပစ်သတ်ခံခဲ့ရတယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မေလ ၂၉ ရက်မှာ ဖားကန့်မြို့ လုံးခင်ကျေးရွာ တိုက်နယ်ဆေးရုံကုန်းအနီး စိတ်ကျန်းမာရေး ချို့ယွင်းသူ ၁ ဦးနဲ့ ကရင်လူမျိုး ၂ ဦး ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
“စစ်ကောင်စီတပ်က ပစ်သတ်ထားတဲ့နွားကို ဖျက်ရောင်းဖို့ လုပ်နေလို့ စစ်တပ်ရဲ့ တပ်သားတွေက ၃ ယောက်ကို ပစ်သတ်လိုက်တာ။ အဲဒီနွား မနေ့ညက ပစ်သတ်ထားတဲ့ နွားလေ။ မနက်ကျမှ သူတို့ ပြန်လုပ်စားမယ် လုပ်ထားတော့ အဲဒီ ၃ ယောက်က သူတို့ထက်အရင် ဖျက်ရောင်းတာ တွေ့လို့လေ။ နွားကတော့ ၁ ကောင်ပဲ ပစ်သတ်ထားတာ”
စိတ်ကျန်းမာရေး ချို့ယွင်းတဲ့ အမျိုးသားက လုံးခင်းသုဿန်မှာ နေထိုင်သူဖြစ်ပြီး ကရင်အမျိုးသား ၂ ဦးဟာ သင်္ဂဟလူမှုရေးအသင်းရဲ့ စက်ရုံဝန်းထဲ နေထိုင်ကြသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့အတွင်း စစ်တပ်က ဒေသခံတွေကို အကြောင်းမဲ့ ပစ်သတ်တာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
လက်ရှိ ဖားကန့်မြို့နယ်မှာတော့ မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးပေမဲ့ ဒေသခံတွေအနေနဲ့တော့ လေကြောင်းရန်ကို အထူးဂရုစိုက် နေထိုင်ကြဖို့ လိုအပ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။