ရွှေဖီမြေ၊ ဇန်နဝါရီ ၂၈ ရက်
တအာင်းတပ်မတော်- PSLF/TNLA က အပတ်စဥ်(၃) ATA ဗိုလ်သင်တန်းကျောင်းသားတွေအတွက် ရာထူးတိုးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်က တအာင်းဒေသတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ မနေ့ ဇန်နဝါရီ ၂၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
အပတ်စဉ်(၃) ဗိုလ်သင်တန်းကျောင်းဟာ ၅ နှစ်ကျော်သင်တန်းဖြစ်ပြီး ၃ နှစ်ကျော် သင်တန်းကာလ ပြီးသွားတဲ့ ဗိုလ်လောင်းတွေကို စီနီယာဗိုလ်လောင်း ဒေါက်တင်ပေးခဲ့တာလို့ ဆိုပါတယ်။
ရာထူးတိုးမြှင့်ရေး အခမ်းအနားကို PSLF/TNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်နဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဂေါင်ဆဲင်တို့က တက်ရောက်ကာ မိန့်ခွန်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
တအာင်းဒေသမှာရှိတဲ့ လူထုတွေရဲ့ ဘေးကင်းလုံခြုံရေး၊ တအာင်းဒေသကို ကာကွယ်နိုင်ရေးနဲ့ အဖိနှိပ်ခံဘဝကနေ လွတ်မြောက်အောင် ကြိုးပမ်းရမှာဖြစ်ကြောင်း TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်က အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
အခမ်းအနားသို့ TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဂေါင်ဆဲင်အပြင် ဗိုလ်သင်တန်းကျောင်းအုပ် ဗိုလ်မှူး တားအောင်မြတ်၊ သင်တန်းလေ့ကျင့်ရေးအရာရှိ၊ ATA ဗိုလ်သင်တန်းသားနဲ့ လူထု ၂၅၀ ဦးကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။