ရွှေဖီမြေ၊ မေလ ၂၇ ရက်၊ ပန်ဆန်း
“ဝ”တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ဒေသအတွင်းထဲ တရားမဝင် လမ်းကြောင်းနဲ့ ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၆၂ ဦးကို ပြည်ပြန်ပို့ခဲ့တယ်လို့ “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က ထုတ်ပြန်ပါတယ်။
မေလ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်း ပြန်ပို့လိုက်တဲ့ တရုတ်နိုင်ငံသား ၇၃၇ ဦးအထိ ရှိပြီလို့လည်း ဖော်ပြထားပါတယ်။
WSP အနေနဲ့ “ဝ”ပြည်ထဲ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ပြည်ပြန်ဖို့ စာရင်းသွင်းနိုင်တဲ့ လမ်းကြောင်းတွေ ဖွင့်လှစ်ထားပြီး စာရင်းသွင်းထားတဲ့သူတွေကို WSP က ပန်ဆန်းခေါ် ပန်ခမ်းမြို့ရှိ မုန်အာနယ်စပ်ဂိတ်နဲ့ နမ့်တစ်မြို့ရှိ မန်ခါး နယ်စပ်ဂိတ်အထိ လုံခြုံရေး ယူပေးပြီး တရုတ်ရဲထံ အပ်နှံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
UWSA က ဒေသတွင်း အွန်လိုင်းငွေလိမ်လည်မှု ကျားဖျန့်လုပ်ကိုင်သူတွေကို ဆက်တိုက် ဖမ်းဆီးနေသလို “ဝ”ပြည်ထဲ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ဆက်တိုက် ဖမ်းဆီးပြီး တရုတ်ရဲထံ အပ်နှံတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် မေလအထိ ထိန်းချုပ်ဒေသထဲ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၈၈,၁၉၂ ဦး ရှိပြီဖြစ်ကြောင်း WSP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။