ရွှေဖီမြေ၊ မေလ ၁၇ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက ရပ်ကွက် ၄ မှာ ဒရုန်း ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ ဖားကန့် ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မေလ ၁၇ ရက် နေ့လယ် ၁၂ နာရီကျော်က နေအိမ်တစ်အိမ်ပေါ် ဒရုန်း ကျရောက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီးတော့ ၅ ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူ ဖားကန့်ဒေသခံတစ်ဦးက “ကျမတို့လည်း အိမ်ထဲမှာဘဲနေတာ။ လက်နက်ကြီးလား ဒရုန်းလားတော့ မသိဘူး။ အများစုက ဒရုန်းလို့ ပြောကြတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေက အမျိုးသမီးတွေဘဲ။ ဘာလို့ဆို ကျတဲ့နေရာ ပြည့်တန်ဆာရုံလို့ ပြောကြတယ်။ ၃ ယောက် သေတယ်။ ၄ ယောက် ၅ ယောက် ဒဏ်ရာ ရတယ်” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူတွေကို လူမှုကူညီရေးအသင်းတွေက ပို့ဆောင်ပေးခဲ့ပြီး လက်ရှိ ဖားကန့်ဆေးရုံမှာ ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
လက်ရှိ ဖားကန့်မြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့ပေမဲ့ စစ်တပ်ဘက်က လက်နက်ကြီး ပစ်တာ၊ ဒရုန်းနဲ့ကြဲတာ၊ လေကြောင်းနဲ့တိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ မေလ ၈ ရက်မှာလည်း လုံးခင်းအုပ်စု မလောင်ရပ်ကွက်အနီးမှာရှိတဲ့ မြန်မာစည်သူ (ကျောက်စိမ်းလုပ်ကွက်)ကုမ္ပဏီကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဝန်ထမ်းအမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။