ရွှေဖီမြေ၊ မေလ ၁၈ ရက်၊ နမ့်ဆန်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်မှာ သက်ငယ်မုအဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသားတစ်ဦးကို မြို့နယ်တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ TNLA က မေလ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အိမ်နီးချင်းဖြစ်သူ ဦးထွန်းလိုက အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တာဖြစ်ပြီး အဆိုပါ အမျိုးသမီးရဲ့ မိသားစုဝင်က ၂၀၂၆ ခုနှစ် မေလ ၉ ရက်မှာ နမ့်ဆန်မြို့နယ် တအာင်းရဲတပ်ဖွဲ့ထံ သွားရောက်အမှုဖွင့်ကာ တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။
မိသားစုဝင်က တိုင်ကြားပြီးနောက် မြို့နယ်တအာင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသားကို သွားရောက်ဖမ်းဆီးထိန်းသိမ်းထားကာ တရားဥပဒေနဲ့အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက် မနက် ၂ နာရီခွဲမှာလည်း အရက်သေစာ သောက်စားပြီး ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့ ၂၄ နှစ်အရွယ် မိုင်းကျော်ဌေးဆိုသူကို တအာင်းတပ်ရဲ့ တရားစီရင်ရေးဌာနက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ TNLA က ပြီးခဲ့တဲ့ ဧပြီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကလေးသူငယ်တွေအပေါ် အကြမ်းဖက်တာတွေ တားဆီးနိုင်ဖို့ လူထုတွေရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးတာကြောင့် သံသယဖြစ်ဖွယ် အခြေအနေ တွေ့ရှိရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ ချက်ချင်းအသိပေး တိုင်ကြားကြဖို့လည်း TNLA က တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။