ဆုမွန်၊ မေလ ၁၂ ရက်၊ မိုးကုတ်
မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဝင်းထရံလုပ်ကွက်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမား ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့ မေလ ၁၂ ရက် နေ့လယ်ပိုင်းမှာ မိုးကုတ်မြို့ အနောက်ပိုင်းမှာရှိတဲ့ ဝင်းထရံလုပ်ကွက်မှာ ရှိနေသူတွေကို စစ်တပ်က ကား ၃ စီးနဲ့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။
“ဝင်းထရံ ကျော်စတားလုပ်ကွက်က လူ ၁၅၀ ကျော် ဖမ်းသွားတာ။ အခုချိန်ထိ မလွှတ်လာသေးဘူး။ သူတို့ ငွေတောင်းမယ်ထင်မယ်။ ခရီုနီတွေနဲ့ ပေါင်းကြံကြတယ်။ စကစက လူအယောက် ၆၀ နဲ့ အဲလူတွေကို လာဖမ်းသွားတာ။ သူတို့လုပ်နေကြအတိုင်းပဲ ဖမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းမယ်”
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာလည်း မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ထောင်အနောက်က ရေချောင်းတစ်ခုမှာ ခနဲ(ဗြုန်း) ဆေးနေတဲ့သူတွေကိုလည်း စစ်တပ်က ကားနှစ်စီးနဲ့ ဖမ်းဆီးခဲ့ဖူးပါတယ်။
ဧပြီ ၂၀ ရက်မှာလည်း မိုးကုတ်မြို့အနောက်ပိုင်းရှိ ဝင်းထရံလုပ်ကွက်အတွင်းရှိ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော်- TNLA ထိန်းချုပ်တဲ့ မိုးကုတ်နဲ့မိုးမိတ်မြို့ထဲ ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။