ရွှေဖီမြေ၊ မေလ ၁၁ ရက်၊ လွိုင်ကော်
ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် မထောခူကျေးရွာရှိ သဲချောင်းမှာ ရေကူးကြတဲ့ လူငယ် ၃ ဦး ရေနစ်သေဆုံးခဲ့ကြောင်း မိသားစုဝင်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ မေလ ၁၀ ရက် မနက် ၁၁ နာရီဝန်းကျင်က မထောခူရွာမှာရှိတဲ့ သဲချောင်းထဲ ရေ လာချိုးတဲ့ အသက် ၁၈ နှစ်ဝန်းကျင်အရွယ် လူငယ် ၃ ဦး ရေနစ်သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
မိသားစုဝင်နဲ့နီးစပ်တဲ့ အမျိုးသမီးက “အဲကလေးတွေက ကျမတို့အမျိုးထဲကပါ။ ပူတဲ့ရာသီဆိုတော့ သူတို့က ရေချောင်းတွေဘာတွေ သွားကြတာလေ။ မိန်းကလေးက အရင်နစ်တာ။ ပြီးမှ သူ့အစ်ကို နှစ်ယောက်က ပြန်သွားဆွဲမလို့ အဲဒါနဲ့ အကုန်ပါသွားတာ” လို့ ပြောပါတယ်။
အဲဒီချောင်းဟာ သဲချောင်းဖြစ်ပြီး ရေနစ်သူ ၃ ဦးကလည်း အသက် ၁၈ နှစ်အရွယ် မတင်တင်စန်းဦး၊ မောင်စိုးသီဟနဲ့ အသက် ၁၉ နှစ်အရွယ် မောင်ရဲလင်းအောင်တို့ ဖြစ်ပါတယ်။
အလောင်းတွေကိုတော့ လွိုင်ကော်မြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ ရွှေညောင်ပင် လူမှုကူညီရေးအသင်း ပူးပေါင်းဆယ်ယူပေးပြီး လွိုင်ကော် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
၎င်းချောင်းထဲ ရေနစ်သေဆုံးတာဟာ ပထမအကြိမ် ဖြစ်တာကြောင့် နောက်နောင် အဲဒီချောင်းထဲ ရေဆင်းမချိုးကြဖို့ကိုလည်း တာဝန်ရှိသူတွေက ဒေသခံတွေကို ပြောဆိုထားကြပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ရှမ်းအရှေ့ တာချီလိတ်ရှိ သဲချောင်းမှာ ရေဆင်းချိုးတဲ့ ကလေး ၃ ဦး ရေနစ်သေဆုံးခဲ့ဖူးပါတယ်။
နွေရာသီမှာ အခုလို ရေနစ်သေဆုံးမှု အဖြစ်များတာကြောင့် ကလေးငယ်နဲ့ ဒေသခံတွေ မြစ်ချောင်းတွေဘက်သွားရင် အထူးဂရုစိုက်ကြဖို့လိုကြောင်း မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။