ရွှေဖီမြေ၊ မေလ ၉ ရက်၊ ဖားအံ
ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် မွန်ပြည်နယ် ဘီးလင်းနဲ့ ကရင်ပြည်နယ် ဖားအံက အမျိုးသမီး ၁ ဦး သေဆုံးပြီး နေအိမ် ၂၄ လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU က မနေ့ မေလ ၈ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်မှာ စစ်တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ ဖားအံမြို့နယ် ထီးကျော်ခီးရွာအနီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၈၈ နှစ်အရွယ် ဖီးသိန်းမေဆိုသူ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကနေ ဧပြီ ၃၀ ရက်အထိ စစ်တပ်ဟာ Y-12 လေယာဉ်၊ Jet Fighter နဲ့ ပါရာမော်တာ အသုံးပြုပြီး ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအုပ်စု ဝင်းတာပန်၊ ဝင်းတာပန်အထက်ရွာနဲ့ မြစ်ကျိုးကျေးရွာအုပ်စု ကျောက်ဖျာရွာကို အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၂၄ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ ဓမ္မာရုံ ၁ လုံး ထိမှန်ပျက်စီးခဲ့တဲ့အပြင် နွား ၅ ကောင်လည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ဧပြီ ၂၇ ရက်မှာလည်း စစ်တပ်ဟာ ဝင်းတာပန်ရွာထဲ ဝင်ရောက်လာပြီး ဒေသခံတွေရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သလို ဧပြီ ၂၈ ရက်ကနေ ၃၀ ရက်အထိ ပါရာမော်တာနဲ့ လေယာဉ် အသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားရဲ့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး စာရင်းအတိအကျ ကောက်ယူနိုင်တာ မရှိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။