မိုင်းအရှိုင်း၊ မေလ ၈ ရက်
တအာင်းတပ်မတော် – PSLF/TNLA က ၎င်းတို့ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်းတွေအနက် စစ်သုံ့ပန်း ၁၁၀ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီတပ်ရဲ့ မိသားစုဝင်တွေက ၎င်းတို့ရဲ့ လူမှုကွန်ရက်တွေမှာ ရေးသားဖော်ပြနေကြပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက်မှာ စစ်တပ်လော်ဘီတစ်ဦးက TNLA ဟာ ကျောက်မဲတစ်နေရာမှာ စစ်သုံ့ပန်း ၂၁၀ ဦးပြန်လွှတ်ပေးတယ်လို့ ဖော်ပြခဲ့ပြီး မေလ ၆ ရက်မှာတော့ ၁၁၀ ဦးသာ ပြန်လွှတ်ပေးခဲ့ကြောင်း ထပ်မံပြောဆိုပါတယ်။
ဒီကိစ္စနဲ့ပက်သက်ပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်မပြုနိုင်သေးကြောင်း ရွှေဖီမြေကို ပြောပါတယ်။
“လောလောဆယ် ဒီသတင်းနဲ့ပက်သက်ပြီး အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ ဗဟိုကလည်း ညွှန်ကြားထားတာမရှိသေးပါဘူး။ မြေပြင်မှာတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိကတော့ အတည်မပြုနိုင်သေးဘူး။”
TNLA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်တုန်းက (၆၃) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၁၀၀ ဦး ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။