ရွှေဖီမြေ၊ မေလ ၅ ရက်
တအာင်းပညာရေး ရန်ပုံငွေထီကို မေလကစပြီး ခေတ္တရပ်နားသွားမယ်လို့ တအာင်းပညာရေး ရန်ပုံငွေထီအဖွဲ့ (Ta’ang Education Fund Lottery)က ဒီနေ့ မေလ ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ လူထုတွေရဲ့ စီးပွားရေး အခက်အခဲကြောင့် တအာင်းပညာရေး ရန်ပုံငွေထီကို ဆက်လက် ဆောင်ရွက်နိုင်ဖို့ အခက်အခဲ ရှိတဲ့အတွက် (၃၆)ကြိမ်မြောက် တအာင်းပညာရေးရန်ပုံငွေထီကို ၂၀၂၆ ခုနှစ် မေလကစပြီး ခေတ္တရပ်နားသွားမယ်လို့ ဆိုပါတယ်။
တအာင်းဒေသထဲရှိ ကလေးငယ်တွေရဲ့ ပညာရေးကဏ္ဍကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီနိုင်ဖို့ ရည်ရွယ်ပြီး တအာင်းပညာရေး ရန်ပုံငွေထီကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လမှာ စတင်ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။
ထီဖွင့်လှစ်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ဒေသခံလူထုတွေရဲ့ အားပေးဝန်းရံမှုကြောင့် ပြီးခဲ့တဲ့ ဧပြီလမှာ ၃၅ ကြိမ်မြောက်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဝိုင်းဝန်းပံ့ပိုးအားပေးကူညီခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်းလည်း ပြောဆိုထားပါတယ်။
ဒါ့အပြင် တအာင်းထီအနေနဲ့လည်း လုပ်ငန်းတွေကို အမြန်ဆုံး ပြန်လည်စတင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပြီး ပြန်လည်စတင်မယ့်အချိန်ကိုလည်း ထပ်မံ အသိပေး ကြေညာသွားမယ်လို့ ဆိုပါတယ်။
တအာင်းပညာရေး ရန်ပုံငွေထီကနေ ရရှိတဲ့ငွေတွေကို တအာင်းပြည်ပညာရေးကောင်စီ- TLEC ထံ လစဉ် သိန်း ၅၀၀ ဝန်းကျင် ပုံမှန်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
TLEC ဟာ ရှမ်းမြောက်က မြို့နယ် ၁၀ မြို့နယ်မှာ ကျောင်းပေါင်း ၃၅၀ ကျော် ဖွင့်လှစ်ထားပြီး စေတနာ့ဝန်ထမ်း ကျောင်းဆရာ ဆရာမနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု- CDM မှာ ပါဝင်တဲ့ ဆရာ ဆရာမ အင်အား (၁,၆၀၀)ကျော်နဲ့ သင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။