အလင်း၊ မေလ ၂ ရက်၊ ဖလမ်း
အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့ မေလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ Khawpuichhip ကျေးရွာရဲ့ လူနေအိမ်တွေရှိတဲ့ ရွာလယ်တည့်တည့်ကို ဗုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး နေရာမှာတင် သေဆုံးခဲ့ပြီး တခြားဒေသခံ ၉ ဦးထက်မနည်းက ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တဲ့အပြင် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
“ဂျက်ဖိုက်တာနဲ့ ရွာထဲကို တည့်တည့်ကြဲသွားတာပါ။ တိုက်ပွဲဖြစ်နေတာလည်း မရှိဘဲနဲ့ အခုလို ပစ်မှတ်ထား တိုက်ခိုက်တာဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ အပြစ်မဲ့တဲ့ ကလေးတွေနဲ့ ပြည်သူတွေကို ပစ်မှတ်ထားနေတာတွေ ရပ်တန့်ဖို့ လိုနေပြီ။” လို့ ဖလမ်းမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
Khawpuichhip ကျေးရွာဟာ ဖလမ်း-ရိခေါဒါရ် လမ်းမကြီးပေါ်မှာ တည်ရှိပြီး အိမ်ခြေ ၂၀ မှ ၃၀ ဝန်းကျင်ခန့်သာရှိတဲ့ ရွာငယ်လေးတစ်ရွာ ဖြစ်ပါတယ်။
မြေပြင်မှာ စစ်ရေးအရ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို နီးစပ်ရာ ဆေးကုသမှုတွေ ပြုလုပ်ပေးနေရပေမယ့်လည်း နယ်စပ်ဒေသဖြစ်သဖြင့် ဆေးဝါးနဲ့ အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။