ရွှေဖီမြေ၊ မေလ ၁ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် တားမိုးညဲက ကျေးရွာဘက်မှာ ရွှေဓားပြတိုက်လုယက်သွားခဲ့တဲ့ တပ်ဖွဲ့ဝင်တစ်ဦး ကိုးကန့်တပ်-MNDAAက လက်နောက်ပြန် ကြိုးချိတ်ဆွဲထားပြီး ရိုက်နှက်ကာ အပြစ်ပေးခဲ့ကြောင်း ဒီအကြောင်းသိရှိသူအမျိုးသားတစ်ဦး ရွှေဖီမြေကို ပြောပါတယ်။
ဖြစ်စဉ်ဟာ မနေ့ ဧပြီ ၃၀ ရက်မှာ တာမိုးညဲမြို့ ရှောက်ဟော်ကျေးရွာမှာ ဖြစ်ပွါးခဲ့တာ ဖြစ်ပြီး ဒေသခံ အမျိုးသမီးတစ်ဦးထံကနေ ကိုးကန့်တပ်ဖွဲ့ဝင်တစ်ဦးက ဓားပြတိုက်လုယက်သွားခဲ့တယ်လို့ ဆိုပါတယ်။
“လုံထမ် ရှောက်ဟော်ဘက်မှာ ဖြစ်သွားတာ။ ကိုးကန့်တပ်သားတစ်ဦး ပစ္စည်းခိုးတယ်လို့ ပြောကြတယ်။ သူက အဖွားတစ်ယောက်ဆီမှာ ဓားပြလာတိုက်သလိုဖြစ်သွားတာ။ အဲအဖွားရဲ့ ရွှေဆွဲကြိုးလုယူသွားလို့ ဆိုပြီး ကိုးကန့်တပ်က သူ့ကို ရိုက်နှက်အပြစ်ပေးတာ။ အဲအဘွားလည်း ဒဏ်ရာနည်းနည်းရသွားတယ်”လို့ ပြောပါတယ်။
အဲဒီတပ်သားဟာ ဓားပြတိုက်ပြီး ရိုက်နှက်ခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားပေမယ့် ဖြစ်စဉ်အသေးစိတ်နဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ ရွှေဖီမြေအနေနဲ့ အသေးစိတ်ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ဓားပြတိုက်လုယက်သွားတဲ့ တပ်သားတစ်ဦးကို MNDAA တပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းရှိ အိမ်တစ်အိမ်နဲ့ လမ်းဘေးက ကျောက်တိုင်တစ်ခုမှာ လက်တွေကို နောက်ပြန်ကြိုးတုပ်ပြီး ပြင်းထန်စွာ ရိုက်နှက်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်မှာ မနေ့ ဧပြီ ၃၀ရက်နေ့ ညပိုင်းကစပြီး ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။