ရွှေဖီမြေ၊ ဧပြီ ၂၃ ရက်၊ မူး
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်က ပျဥ်းမပင်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၂ လုံး မီးပျက်စီးခဲ့ပြီး ဒေသခံ ၁ ဦးလည်း ထိမှန်ဒဏ်ရာရသွားခဲ့တယ်လို့ KNU ကဒီနေ့ ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက် မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ ခမရ-၃၀၇ တပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ဦးငြိမ်းခိုင်ဆိုသူ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးဇော်မျိုးနဲ့ ဒေါ်မအူးတို့ရဲ့ နေအိမ် (၂) လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၉ ရက်တုန်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃ လုံး မီးလောင်ခဲ့ပြီး ဒေသခံ ၂ ဦး မီးလောင်သေဆုံးသွားခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်မှာလည်း ဆောထိမြို့နယ် ညောင်ပင်ကြီးရွာသစ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စင်းနဲ့ ပေါင် ၂၀၀ ဗုံး ၃ လုံး ကျဲချခဲ့တာကြောင့် စောမင်းသူ ထိမှန်သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ် မောင်သောင်တာနဲ့ စောမောရေထူး၊ အသက် ၂၅ နှစ်အရွယ် စောဒဲလေးတို့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အပြစ်မဲ့ ပြည်သူတွေ နေထိုင်တဲ့ကျေးရွာတွေကို ပစ်မှတ်ထားပြီး ဒရုန်း၊ လက်နက်ကြီးအပြင် လေကြောင်းနဲ့ အသုံးပြုပြီး မကြာမဏ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်ဆက်တိုက် ပြုလုပ်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း ဆက်တိုင်မြင့်တက်နေဆဲဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။