ရွှေဖီမြေ၊ ဧပြီ ၂၂ ရက်
“ဝ” တပ်မတော် – UWSA က အွန်လိုင်လိမ်လည်မှု (ကျားဖျန့်) နဲ့ ဆက်စပ်မှုရှိတဲ့ တရုတ်နိုင်ငံသား ၇ ဦးနဲ့ တရုတ်အလိုရှိတဲ့ တရားခံ ၂ ဦးကို တရုတ်နိုင်ငံထံ ပြန်လည်အပ်နှံခဲ့တယ်လို့ “ဝ” ပြည်တရားစီရင်ရေးကော်မတီ – WSP က ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ကို ဒီနေ့ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အွန်လိုင်းငွေလိမ်လည်မှု (ကျားဖျန့်) ၇ ဦးကို နမ့်တစ်မြို့ရှိ မြန်မာ – တရုတ်နယ်စပ်ဖြစ်တဲ့ မန်ခါး (Mangka) ဂိတ်ပေါက်ကနေတစ်ဆင့် လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
UWSA ထံ တရုတ်က ဖမ်းဆီးဖို့အကူအညီတောင်းလာတဲ့ ပြစ်မှုကျူးလွန်ထားသူ တရားခံ ၂ ဦးကိုတော့ ပန်ဆန်း (ပန်ခမ်း) မြို့ရှိ မုံးအာ (Meng’a) နယ်စပ်ပေါက်ကနေတစ်ဆင့် တရုတ်ထံ အပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုလွှဲပြောင်းမှုတွေဟာ တရုတ်နိုင်ငံနဲ့ “ဝ” ပြည် တရားစီရင်ရေးကော်မတီတို့ တရားရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်ရှိုင်းစေမှာဖြစ်ပြီး သတင်းအချက်အလက်မျှဝေမှုနဲ့ ပူးတွဲဥပဒေအကောင်အထည်ဖော်မှုစနစ်ကို ပိုမိုခိုင်မာစေတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်မှာလည်း “ဝ” ပြည်ဟာ ရာဇဝတ်သားတွေအတွက် ပုန်းကွယ်စရာနေရာမဟုတ်သလို ဥပဒေချိုးဖောက်သူ ဘယ်သူမဆို ဥပဒေအရပြင်းထန်စွာ အရေးယူခံရမယ်လို့ သတိပေးခဲ့ပါတယ်။
UWSA က ၂၀၂၆ ခုနှစ် အစပိုင်းကစပြီး ဒီနေ့အချိန်ထိ ၄ လအတောအတွင်းမှာ “ဝ” ပြည်ထဲရှိ တရုတ်နိုင်ငံသား ၅၀၀ ကျော်ကို ပြည်ပြန်ပို့နိုင်ခဲ့တယ်လို့ ၎င်းတို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။