မိုင်းရူပ၊ မတ်လ ၂၆ ရက်၊ ထီးချိုင့်
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့ကနေ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ဘက် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ ထီးချိုင့် (ဧရာဝတီ)တံတားအထိ ရောက်လာတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဒီနေ့ တကောင်းဘက်ကနေလာတဲ့ စစ်ကြောင်းနဲ့ ထီးချိုင့်မှာ လာပေါင်းမယ်လို့ သတင်းရတယ်။ ဒီဘက် တော်လှန်ရေးတပ်ဘက်ကလည်း ရန်သူရဲ့ ဒရုန်းဒဏ်ကို မခံနိုင်ဘူး။ တဖြည်းဖြည်းနဲ့ ဆုတ်ခွာနေရတယ်”
ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်မှာ စစ်တပ်ဘက်က တကောင်းမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် ထီးချိုင့်မြို့နယ်ဘက် ဆက်လက်ထိုးစစ်ဆင်လာပြီး တကောင်းနဲ့ ထီးချိုင့်ကြားရှိ တကောင်းနီကယ်စက်ရုံကိုလည်း စစ်ကောင်စီဘက်က ထိန်းချုပ်လိုက်ပြီလို့ ၎င်းက ဆက်ပြောပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ထီးချိုင့်မြို့ကနေလာတဲ့ စစ်တပ်နဲ့ တကောင်းဘက်ကလာတဲ့ စစ်ကြောင်းဟာ ထီးချိုင့်တံတားမှာ ဆုံကြပြီလို့ ဒီနေ့ မတ်လ ၂၆ ရက် မနက်ပိုင်းမှာ ရေးသားဖော်ပြနေကြပါတယ်။
တကောင်းနဲ့ ထီးချိုင့်မြို့နယ်မှာ ကချင်တပ်မတော်- KIA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ လက်အောက်ခံတပ်တွေ အဓိက သွားလာလှုပ်ရှားတဲ့နယ်မြေလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ရှမ်းမြောက် မိုးမိတ်နဲ့ သပိတ်ကျင်းမြို့နယ် တွင်းငယ်လမ်းပိုင်းကိုလည်း ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်မှာ စစ်တပ်ဘက်က ထိန်းချုပ်လိုက်တာကြောင့် မိုးမိတ်-တွင်းငယ်-တကောင်း-ထီးချိုင့်အထိ စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်သွားပါတယ်။
မိုးမိတ်နဲ့မိုးကုတ်မြို့ကို တအာင်းတပ်- TNLA က တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီကို ပြန်လွှဲပြောင်းပေးပြီးနောက် မန္တလေးတိုင်းထဲက တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေတွေ ဆက်တိုက် လက်လွှတ်လာခဲ့ရတာလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။