ခိုင်လေး၊ ဇန်နဝါရီ ၂၃ ရက်၊ မကွေး
ရခိုင်-မကွေးနယ်စပ်မှာ တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲကနေ ထွက်ေပြးလာတဲ့ စစ်ကောင်စီတပ်သားကို PRF-Magway က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၂ ဦး၊အရာခံဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ PRF-Magway က ဒီနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
ခမရ ၁၁၃ မှ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၂ ဦးကိုလည်း အရှင်ဖမ်းမိပြီး ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ လက်နက်ငယ် ၈ လက်နဲ့ ခဲယမ်း စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
PRF-Magway မှ တာဝန်ရှိသူတစ်ဦးက “ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး ဒဏ်ရာရတဲ့သူတွေကို ဆေးကုသပေးနေတာတွေ ရှိတယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်မှာ ဂုတ်ကြီးရွာ အနောက်ဘက် မီတာ၂,၅၀၀ ခန့်အကွာမှာ ပဒါန်းဘက် တက်လာတဲ့ ခဲယမ်း တင်တဲ့ကား ၄ စီးနဲ့ အင်အား ၁၀၀ ခန့် ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်း PRF-Magway က ကြားဖြတ်တိုက်ခိုက်ရာ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
အလားတူ ဇန်နဝါရီ ၇ ရက်ကလည်း ဂုတ်ကြီးရွာကနေ ခွန်ဇူရွာဘက် အင်အား ၃၀ နဲ့စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်ကို ခြုံခိုတိုက်ခိုက်ရာ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်နဲ့ မကွေးနယ်စပ်ဘက်မှာ တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး ဇန်နဝါရီလပိုင်းအတွင်းတပ်မ ၉၉ လက်အောက်ခံတပ်ရင်းနဲ့ ထိတွေ့မှု ဖြစ်ပွားနေပြီးတော့ စစ်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်သားတွေကိုလည်း ပိတ်ဆို့ဖမ်းဆီးတာ ရှိပါတယ်။
လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRF-Magway)က စစ်ရေးဆိုင်ရာ ရည်မှန်းချက်အတိုင်း တစ်ဆင့်ချင်း အကောင်အထည်ဖော်လျက်ရှိပြီး မကြာမီကာလအတွင်း မြေပြန့်ဒေသအထိ ထိုးစစ်အရှိန် မြှင့်တင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။