ဟွမ်လာဝ်၊ မတ်လ ၂၄ ရက်၊ သီပေါ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ဖမ်းဆီးခံရသူတွေထဲက သီပေါဒေသခံ ၂၃ ဦးဟာ ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ စုံစမ်းသိရှိရပါတယ်။
သီပေါမြို့ကို စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှာ ပြန်လည်ထိန်းချုပ်ပြီးနောက် တစ်ပတ်အကြာမှာ တော်လှန်ရေးတပ်တွေကို ကူညီထောက်ပံ့ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံတွေကို ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက “ကျမအသိထဲကတော့ ပြန်လွှတ်လာတာတွေလည်း များတယ်။ တချို့က ရက်ပိုင်းလောက်ဆို ပြန်လွှတ်လာတယ်။ တချို့ကျတော့လည်း အခုထိ ဘာသတင်းမှ မကြားရဘူး။ ပြန်လွှတ်လာတဲ့အထဲမှာက အမျိုးသမီး ပိုများပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူထဲ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၁၆ ဦးတို့ဖြစ်ပြီး ဒီနေ့ မတ်လ ၂၄ ရက်အထိ ပြန်မလွှတ်သေးဘဲ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။
နောက်ထပ် သတင်းအရင်းအမြစ်တစ်ဦးက “ကျနော့်ညီမလေးရဲ့ သူငယ်ချင်းလည်း အခုထိ မလွှတ်သေးဘူး။ သူက ပလောင်လူမျိုးပဲ။ အရင်က ဆိုင်ဖွင့်ထားတော့ အများဆုံးက ပလောင်စစ်သားတွေ လာစားကြတာလေ။ အဲဒါနဲ့ သူက ပလောင်ထောက်ပို့ဆိုပြီး ဖမ်းခဲ့တာ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၇ ဦးဟာ အသက် ၅၄ နှစ်အရွယ် ဒေါ်ခမ်းလီ၊ ၃၄ နှစ်အရွယ် မအေးမွန်နဲ့ ဒေါ်မာကျန်၊ ၂၄ နှစ်အရွယ် လွေးအေးလောဝ်နဲ့ မမြင့်မြင့်ဆွေ၊ ၂၂ နှစ်ဝန်းကျင်အရွယ် လွေးဆိုင်လီနဲ့ လွေးအေးမြတို့ဖြစ်ပြီး ဖမ်းဆီးခံရတဲ့ အမျိုးသားတွေတော့ အသက် ၅၀ ဝန်းကျင်အရွယ်နဲ့ ၂၀ နှစ်အရွယ်လည်း ပါဝင်ပါတယ်။
လက်ရှိအချိန်ထိ ပြန်မလွှတ်သေးတဲ့ ဒေသခံ ၂၃ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွေမှာ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ကြောင်း အထက်ပါ သတင်းအရင်းအမြစ်က ပြောပါတယ်။
နောက်ထပ် သီပေါမြို့ခံတစ်ဦးကလည်း “သူတို့ ထိန်းချုပ်ထားတာနဲ့ ဖမ်းဆီးတာတွေ နေအိမ်တွေ ဆိုင်ခန်းတွေ ချိတ်ပိတ်တာ ချက်ချင်းလုပ်ခဲ့တာလေ။ သီပေါမှာ တိုက်ပွဲ မဖြစ်ခင်ကလည်း တချို့ကျ ပြေးတယ်လေ။ သူတို့ ဒီလိုဖမ်းဆီးမှုတွေ လုပ်မယ်ဆိုတာ သိလို့ပေါ့။ ချိတ်ပိတ်ခံရတဲ့ အိမ်တွေတော့ တချို့ ပိတ်ထားခံရဆဲပါ။ ဆိုင်ခန်းတွေထဲ ချိတ်ပိတ်ခံရတာ ပိုများတာ တွေ့ရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်တပ်က သီပေါမြို့ကို TNLA ထိန်းချုပ်စဉ်က အုပ်ချုပ်ရေးမှူးလုပ်ခဲ့တဲ့ အမျိုးသား ၄ ဦးဖြစ်တဲ့ ပန်းတိမ်တောင် ဥက္ကဌ ကိုတူးလီကို ထောင်ဒဏ် ၇ နှစ်၊ တောင်မြို့ဥက္ကဌ ကိုအမ်းကူး ထောင်ဒဏ် ၇ နှစ်၊ ဆိုင်ကယ်ပွဲစား ရွှေကမ္ဘာ ကိုပါးပါလေး ထောင်ဒဏ် ၇ နှစ်နဲ့ တောင်မြို့က ကိုထွေးငယ် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။
သီပေါမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်ပြီးချိန်ကစပြီး TNLA၊ ပြည်သူ့ကာကွယ်ရေးတပ်- PDF တွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံအပြင် ကျေးရွာတာဝန်ရှိသူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။
အဆိုးဆုံးကတော့ TNLA ရဲ့ အမှတ်တံဆိပ်၊ အလံ၊ ပြက္ခဒိန်၊ တအာင်းထီလက်မှတ်၊ ဓာတ်ပုံ စတဲ့ပစ္စည်းတွေကို တွေ့ရှိရင်လည်း TNLA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်တပ်က လိုက်လံ ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။