မတ်လ ၁၈၊ ရွှေဖီမြေ
ကိုးကန့်တပ်-MNDAAဟာ အခုရက်ပိုင်း တအာင်းတပ်-TNLAနဲ့ဖြစ်ပွါးနေတဲ့ တိုက်ပွဲရဲ့ နောက်ကွယ်မှာ တရုတ်မပါကြောင်း သူတို့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်မှာ ဆက်လက်ပူးပေါင်းပါဝင်ကြဖို့ စည်းရုံးနေတယ်လို့ ကြုံခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ကိုးကန့်တပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ ဒေသအပါအဝင် တအာင်းတပ်ထံ တိုက်ခိုက်သိမ်းပိုက်ရယူထားတဲ့ ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ CDMတွေကို လိုက်လံစည်းရုံးနေတာ ဖြစ်ပါတယ်။
“သူတို့က ရာထူးတွေနဲ့ မက်လုံးပေးတာပေါ့။ ကျွန်မကတော့ ကိုးကန့်ပညာရေးဆိုရင် ဆက်မလုပ်တော့ဘူးလို့ ပြောလိုက်တယ်။ပညာရေးဆိုတာ ဘာမှန်းတောင်မသိ၊သစ္စာမရှိ၊ခံယူချက်မရှိတဲ့လက်အောက်မှာ လုပ်မနေတော့ဘူး။ ကျန်တဲ့ဆရာ၊ဆရာမတွေကျတော့ စားဝတ်နေရေးအတွက်တော့ လုပ်လိမ့်မယ်ထင်တယ်”လို့ မူလက TLECမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။
ပညာရေးအပြင်၊ ကျန်းမာရေးဌာနဘက်က CDM ဝန်ထမ်းတွေကိုလည်း ဆက်လက်တာဝန်ထမ်းဆောင်ကြဖို့ လာရောက်စည်းရုံးတာမျိုးတွေ ရှိတယ်လို့ ကိုးကန့်ဒေသတစ်ခုက ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“အခုတိုက်ပွဲက တအာင်းရန်စလို့ တိုက်တာပါတဲ့။ နမ့်ခမ်းကိုလည်း တိုက်ဖို့မရှိဘူးတဲ့။ ရန်စလို့ ပြန်တိုက်ရတာတဲ့။ ဆက်ပြီး တာဝန်ထမ်းဆောင်ပေးပေါ့။ အဲလိုလာပြောသွားတယ်”လို့ ဆိုပါတယ်။
ကိုးကန့်တပ်ဟာ သူတို့ဒေသမှာ လာရောက်တာဝန်ထမ်းဆောင်နေတဲ့ စစ်အာဏာရှင်ဖီဆန်ရေးမှာ ပါဝင်တဲ့ CDMတွေကို လစာအများအပြားပေးကာ သူတို့ဌာနတွေမှာ တာဝန်ထမ်းဆောင်စေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ကိုးကန့်တပ်နဲ့တအာင်းတပ်ဟာ တွေ့ဆုံဆွေးနွေးနေပြီး အခုတိုက်ပွဲဟာ တရုတ်က အဓိကပါဝင်နေတယ်လို့ လေ့လာသူတွေက ပြောဆိုနေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။