ဆုမွန်၊ မတ်လ ၁၆ ရက်၊ နမ့်ခမ်း
တအာင်းတပ်ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာမြို့အစပ် ၁၂ မိုင်ကျေးရွာအနီးကို ကိုးကန့်တပ်- MNDAAက ဒရုန်းဗုံးသီးအများအပြားနဲ့ ဆက်တိုက်ရောက်ကြဲချတိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
“အိမ်ပါတုန်တယ်။ ဒီတစ်မနက်လုံးလာချနေကြတာ။ ရွာထိပ်က မိုက်ခရိုဝိတ်အနားတဝိုက်ကပဲ သူတို့လာချနေကြတာ။ အခုချိန်ထိ ပစ်နေကြတုန်းပဲ။ တော်သေးလို့ တောထဲမှာပဲ လာကျနေတယ်။ ဒရုန်းတွေလည်း အများကြီး အပေါ်မှာ ဝဲနေတာ”
မနေ့ မတ်လ ၁၅ ရက်မှာတော့ နမ့်ဖတ်ကာနဲ့ နမ့်ခမ်းမြို့နယ်ကြားမှာရှိတဲ့ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်က ထိုးစစ်ဆင်နေပြီး ၁၂ မိုင်ကျေးရွာရှိ TNLA ရဲ့ တပ်စခန်းတွေကိုလည်း ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေပါတယ်။
နမ့်ဖတ်ကာကျေးရွာရှိ TNLA ရဲ့ အုပ်ချုပ်ရေးရုံး၊ ရဲစခန်း အပါအဝင် နမ့်ဖတ်ကာကျေးရွာအထွက်ရှိ တအာင်းတပ်ရဲ့ တပ်စခန်းတွေကိုလည်း ကိုးကန့်တပ်ဘက်က ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး ကွတ်ခိုင်မြို့အပါအဝင် မူဆယ်မြို့ (၁၀၅) မိုင်၊ နမ့်ဖတ်ကာ၊ မုံစီး စတဲ့ နေရာ ၅ ခုထက်မနည်းမှာ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်ဘက်က အင်အားထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တအာင်းတပ်ဘက်ကတော့ MNDAA နဲ့ တအာင်းတပ်တို့အကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေးနဲ့ ကြိုးစားအဖြေရှာသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ထားပြီး ကိုးကန့်တပ်ဘက်ကတော့ အခုပြဿနာကို တအာင်းတပ်ဘက်က တာဝန်ယူလိမ့်မယ်လို ဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။